မောင်တော တောင်ပိုင်ကျေးရွာအများစုတွင် ရခိုင်တိုင်းရင်းသားများ နေထိုင်ခြင်းမရှိတော့ကြောင်းသိရှိရပြီး သွားလာနိုင်ခြင်း မရှိသည့် ကျေးရွာများ၌သာ ဒေသခံများရှိနေ

မောင်တော တောင်ပိုင်ကျေးရွာအများစုတွင် ရခိုင်တိုင်းရင်းသားများ နေထိုင်ခြင်းမရှိတော့ကြောင်းသိရှိရပြီး သွားလာနိုင်ခြင်း မရှိသည့် ကျေးရွာများ၌သာ ဒေသခံများရှိနေ
Published 2 September 2017

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မောင်တောတောင်ပိုင်ကျေးရွာ အများစုတွင် ရခိုင်တိုင်းရင်းသားများ မရှိတော့ကြောင်းသိရှိရပြီး သွားလာနိုင်ခြင်း မရှိသည့် ကျေးရွာများ၌သာ ဒေသခံများ ရှိနေသေးကြောင်း သိရသည်။

"ပြေးသွားကြတာပေါ့။ အိုးတွေ၊ အိမ်တွေ၊ အိမ်မွေးတိရိစ္တာန်တွေ အားလုံးကိုထားပြီး ထွက်ပြေးသွားခဲ့ကြပြီ။ ကျွန်တော်တို့တောင်ပိုင်းမှာဆိုရင် ရွှေ့ပြောင်းပြေးလွှားလို့ မရနိုင်သေးတဲ့ ကျေးရွာတွေသာ ကျန်တော့တယ်။ ရွာပေါင်း ၂၀ လောက်ကတော့ ပြောင်းသွားကြပြီ။ ရွာမှဘယ်သူမှ မရှိတော့ဘူး။ အဲဒီအထဲ မီးရှို့ခံရတဲ့ ကျေးရွာအချို့ရှိတယ်လို့သာ သိရပြီး တစ်ချို့တိုင်းရင်းသားကျေးရွာတွေကတော့ နေအိမ်တွေက ဒီအတိုင်းရှိတယ်လို့ သိရပါတယ်"ဟုလည်း အင်းဒင်ကျေးရွာသား ဦးသိန်းထွန်းက ပြောကြားခဲ့သည်။

သို့သော်လည်း မောင်တောမြောက်ပိုင်း ကျေးရွာများအနေဖြင့် ပြောင်းရွှေ့ရာတွင် အနီးအနားမှ ကျေးရွာများသို့သာ ပြောင်းရွှေ့ကာ စုပေါင်းခှိုလှုံနေကြရဆဲဖြစ်ကြောင်း၊ ယင်းသို့ခိုလှုံရသည့်အတွက် အချို့ကျေးရွာများတွင် တစ်ဦးတစ်ယောက်မှ မကျန်တော့ကြောင်းလည်း သိရှိရသည်။

"ရွာကို ထားခဲ့ရတာပေါ့။ ရွာမှာစောင့်ဖို့ လူတောင် မကျန်ခဲ့ဘူး။ သက်ကိုင်းညာသက်ရွာ၊ တမန်းသားသက်ရွာ၊ တမန်းသား အရှေ့ရွာ၊ အနောက်ရွာ၊ ရေနောက်ငါးသား ဒိုင်းနက်ရွာတွေကို ဒီအတိုင်းထားခဲ့ကြတယ်။ ရွာမှ တစ်ယောက်မှ မကျန်ခဲ့ဘူးပေါ့။ ဘာမှလည်း သယ်မလာနိုင်ခဲ့ဘူး။ အဲဒါကြောင့် ဘုန်းတော်ကြီးကျောင်းမှာစုပြီး ခိုလှုံနေရတယ်။ ကျန်းမာရေးအတွက် ဆေးဝါးတွေလည်း လိုအပ်လာတယ်၊ စားသောက်ရေးအတွက်လည်း လိုအပ်မှုတွေရှိနေပါတယ်၊ ကျွန်မတို့ကတော့ ဒီမှာ မနေချင်တော့ဘူး၊ မြို့ပေါ်ကို ပြောင်းရွှေ့ပြေးစေချင်တယ်"ဟုလည်း တမန်းသားမှ ဒေါ်ဦးမြသိန်းက ပြောကြားခဲ့သည်။

မောင်တော အနောက်ဘက်ခြမ်းတွင်လည်း နံ့သာတောင်ရွာ၊ ဂေါ်ဒူသာရ၊ မီးတိုက်၊ သင်္ဘောလ၊ အစရှိသော ကျေးရွာများတွင် တစ်ဦးတစ်ယောက်မှ မကျန်ဘဲ ဒေသခံမျာ ပြေးလွှားပြောင်းရွှေ့ခဲ့သည့်အတွက် ၂၇ ရက်နေ့တွင် အဆိုပါနံ့သာတောင်ကျေးရွာအား ဘင်္ဂလီအကြမ်းဖက်သမားများက ရွာနှင့်ဘုန်းတော်ကြီးကျောင်းအား မီးရှို့ဖျက်စီးခြင်းကို ခံလိုက်ရကြောင်း နှင့် နံသာတောင်ကျေးရွာသားများမှာ တောင်ပြိုလက်ဝဲမြို့တွင် ခှိုလှုံနေကြရ ကြောင်း၊ လက်ရှိတွင် ဆေးဝါးများနှင့် စားသောက်ရန်အတွက် ရိက္ခာလိုအပ်လျက်ရှိကြောင်းလည်း သိရှိရသည်။

Most Read

Most Recent