<

ပြည်တွင်း စက်သုံးဆီဈေး မြင့်တက်မှု လျော့နည်းသက်သာစေရန် ယခုလအတွင်း အရန်ဆီအဖြစ် သိုလှောင်ထားသည့် စက်သုံးဆီများထဲမှ ဂါလန်နှစ်သန်း ရောင်းချပေးမည်

ပြည်တွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှု လျော့နည်း သက်သာစေရန်အတွက် ယခုလအတွင်း အရန်ဆီအဖြစ် သိုလှောင်ထားသည့် စက်သုံးဆီများထဲမှ စက်သုံးဆီ ဂါလန်နှစ်သန်း ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၁ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် ၀န်ကြီးဌာန၏ လစဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် စက်သုံးဆီဈေး မြင့်တက်မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “အခု အောက်တိုဘာမှာ နှစ်သန်းရောင်းဖို့ ကျွန်တော်တို့ လုပ်ထားပါတယ်။ လုပ်လည်း လုပ်ပြီးပါပြီ။ တစ်ဂါလန်ကို ၃၈၀၀ နဲ့။ ပြီးရင် ဆက်လက်ပြီးတော့ ရောင်းသွားဦးမယ်။ ဈေးတက်ရင် တက်သလို များများ ထုတ်ရောင်းသွားမှာ။ ပမာဏကျတော့ ဘယ်လောက်ရှိလဲ ဆိုတော ကြေညာလိုက်လို့တော့ မကောင်းလို့ပါ”ဟု ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ စက်သုံးဆီကို ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန်အတွက် အရန်သိုလှောင်ထားသည့် စက်သုံးဆီများကို ထုတ်ရောင်းချသည့်အပြင် ထပ်မံတိုးမြှင့် ရောင်းချနိုင်ရန်လည်း စီစဉ်နေကြောင်း ဦးအောင်မြင့်က ဆိုသည်။

“ကျွန်တော်တို့ တောက်လျှောက် ထုတ်နေပါတယ်။ ဖြန့်ပါမယ်။ ပြည်သူလူထုကို ဈေးသက်သက်သာသာနဲ့ ဖြန့်ဖို့။ ဥပမာ ကျွန်တော်တို့ ဌာနအနေနဲ့ အပြင်မှာ ပေါက်ဈေးနဲ့ လိုချင်တဲ့သူတွေ ရှိတယ်။ အဲဒီလူတွေကို ပေါက်ဈေးနဲ့ ရောင်းရင် တစ်ဂါလန်ကို ၄၁၀၀ လောက်၊ ၄၂၀၀ လောက် ရောင်းလို့ရတယ်။ တစ်ဂါလန်ကို ၃၀၀ လောက် သက်သာမယ် ဆိုပါတော့။ တစ်နှစ်ကို ဓာတ်ဆီဆိုရင် ဂါလန်သန်း ၂၀ ပေါ့။ တစ်ဂါလန်ကို ၃၀၀ လောက် လျှော့ရောင်းမယ်ဆိုရင် ကျွန်တော်တို့ ၀င်ငွေက သန်းပေါင်း အများကြီးပဲ လျော့သွားပြီ။ ၀င်ငွေကိုတောင် ဌာနက လျှော့ယူပြီးတော့ ကျွန်တော်တို့ ရောင်းပေးနေတာ။ ကျွန်တော်တို့ ဆက်လက်ပြီးတော့ တောက်လျှောက် ရောင်းသွားပေးမှာ။ ဈေးတက်တယ်ဆိုရင် များများထုတ်ပြီး များများ ဖြန့်နိုင်အောင်လည်း အဲဒီမှာ စက်တွေ ထပ်ပြီး တိုးချဲ့ထားတယ်။ များများဖြန့်နိုင်အောင်ပေါ့”ဟု ဦးအောင်မြင့်က ပြောကြားသည်။

ဝန်ကြီးဌာနက စက်သုံးဆီဈေးကွက်အတွင်း ပြည်တွင်း၌ ထုတ်လုပ်သည့် စက်သုံးဆီများကို ထုတ်လုပ်နိုင်သည်ထက် ပိုမိုရောင်းချပေးနေပြီး စက်သုံးဆီဈေးနှုန်း မြင့်တက်မှု လျှော့ချရန် ဆောင်ရွက်နေကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

ဦးအောင်မြင့်က “တစ်လကို တစ်ကြိမ် မဟုတ်ဘူး။ ကျွန်တော်တို့က တစ်နေ့ကို ဂါလန် ဘယ်လောက် ထုတ်ပေးနိုင်မလဲ။ ထုတ်ပေးနိုင်တဲ့အပေါ် မူတည်ပြီးတော့၊ ကုန်တဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ထုတ်ပေးမှာပါ။ ဥပမာ ကျွန်တော်တို့က 100 GPM ပေါ့။ Gallon Per Minute ပေါ့။ သူရဲ့ Flow သည် တစ်မိနစ်ကို ဂါလန် ၁၀၀ ဖြန့်နိုင်တယ်ဆိုရင် တစ်နေ့ကို ၁၀ နာရီ ဖြန့်မယ်ဆိုရင် ၁၀ နာရီပေါ့။ အခုဆိုရင် ည ၁၁ နာရီလောက်အထိ ဖြည့်ပေးရတယ်။ ဒါမှ ကျွန်တော်တို့က ဂါလန်သန်းချီပြီး အပြင်ကို ရောက်မှာပေါ့။ ကျွန်တော်တို့ရဲ့ Facility ဖြန့်နိုင်တဲ့ ပမာဏအပေါ် မူတည်ပြီး ကျွန်တော်တို့ ရောင်းပေးနေတာ။ ဆက်လက် ရောင်းပေးမှာပါ”ဟု ပြောကြားသည်။

ဝန်ကြီးဌာနက အရန်သိုလှောင်ဆီများ ရောင်းချရာတွင် မြန်မာနိုင်ငံ၌ မော်တော်ဆိုင်ကယ် အသုံးပြုသူ ရှစ်သိန်းခန့် ရှိနေခြင်းကြောင့် မော်တော်ဆိုင်ကယ် အသုံးပြုသည့် ပြည်သူများ လက်ဝယ်ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရေးကိုလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“ဒါတွေကို ထိထိရောက်ရောက် လုပ်ဖို့ဆိုရင် အဓိက ကတော့ ဆိုင်ကယ်စီးနိုင်တဲ့ လူတန်းစားတွေအနေနဲ့ ပိုပြီးတော့ သက်သက်သာသာနဲ့ ၀ယ်သုံးစေချင်တယ်။ ဒါမှပဲ ထိထိရောက်ရောက် ဖြစ်မယ်။ အဲဒီတော့ ကျွန်တော်တို့က MPP ကိုပဲ ရောင်းတယ်။ MPP ကပဲ ဆိုင်တွေကို ခွဲတမ်းချပြီးတော့ တကယ် ဆိုင်ကယ်တွေကို ဖြန့်နိုင်တဲ့ဆိုင်တွေကို ကျွန်တော်တို့ ရောင်းတဲ့ဈေးကို ၃၅၀ ပဲ ထပ်ဆောင်းပြီး ရောင်းခိုင်းတယ်။ အများကြီး မရောင်းခိုင်းဘူး။ နောက်လည်း အဲဒီလိုစိစစ်ပြီးတော့ ရောင်းသွားမှာပါ။ ရှေ့လျှောက်ပြီး စိစစ်ပြီး ရောင်းသွားမှာပါ။ ချက်ချင်းဆိုတော့ ဈေးကွက်ထဲကို ဆီတွေ ရောက်သွားတယ်။ ဈေးနှုန်း Effect ဖြစ်ဖို့တော့ ကြိုးစားပြီး လုပ်သွားမှာပါ။ ကျွန်တော်တို့ ရှိသလောက်ကို ထုတ်ရောင်းသွားမှာပါ။ အပြင်မှာ ပေါက်တဲ့ဈေးထက် လျှော့ပြီးတော့ ရောင်းသွားမှာ ဖြစ်ပါတယ်”ဟု ဦးအောင်မြင့်က ပြောကြားသည်။

အစိုးရအနေဖြင့် ပြည်တွင်း စက်သုံးဆီဈေးကွက်အတွင်းသို့ ပြည်တွင်း လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ အထိ ရောင်းချနိုင်မည်ဆိုပါက ပိုမိုထိရောက်မည် ဖြစ်သော်လည်း လက်ရှိတွင် ပြည်တွင်းထုတ်လုပ်မှုသည် လိုအပ်ချက်၏ ခုနစ်ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ အရန်သိုလှောင်ဆီ ရောင်းချမှုသည် ၁၀ ရာခိုင်ဖြစ်ခြင်းကြောင့် ထုတ်လုပ်မှုရာခိုင်နှုန်းထက် ပိုမိုရောင်းချနေခြင်း ဖြစ်ကြောင်း ဦးအောင်မြင့်က ဆိုသည်။

“အခြားနိုင်ငံတွေလို အရှုံးခံပြီးတော့ ဈေးကွက်ထဲကို အစိုးရကနေပြီးတော့ အားလုံး ၁၀၀ ရာခိုင်နှုန်း ဖြန့်ဖြူးပေးနိုင်အောင် ၁၀၀ ရာခိုင်နှုန်း ထုတ်တယ်ပေါ့။ ကျွန်တော်တို့ကလည်း ၁၀၀ မှာ ၁၀ နှုန်းနဲ့ ၁၀ ဖိုး သက်သာအောင် ထုတ်လုပ်မှုကတော့ ခုနစ်ရာခိုင်နှုန်းလောက် ရှိတယ်။ ရောင်းချမှုကတော့ သိုလှောင်ထားတာထက် ပိုပြီးတော့ ရောင်းချခဲ့တာကြောင့် ၁၀ ရာခိုင်နှုန်းဆိုလည်း ၁၀ ရာခိုင်နှုန်းလောက် သက်သာပါတယ်။ ၁၀ ရာခိုင်နှုန်းက မသိသာပေမဲ့ ကျွန်တော်တို့သာ မရောင်းခဲ့ရင် ဒီထက်ပိုတက်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

October 12, 2018














Copy Protected by Chetan's WP-Copyprotect.