<

Eleven မီဒီယာမှ ဂျာနယ်လစ် သုံးဦးအား ချက်ချင်း ပြန်လွှတ်ပေးရန် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း၊ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီတို့ တောင်းဆို

Eleven မီဒီယာမှ ဂျာနယ်လစ်သုံးဦးအား ချက်ချင်း ပြန်လွှတ်ပေးရန် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း၊ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီတို့က တောင်းဆိုခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံခဲ့ရသော Eleven မီဒီယာမှ ဂျာနယ်လစ် သုံးဦးအား ချက်ချင်း နှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က အောက်တိုဘာ ၁၀ ရက်၌ တောင်းဆိုခဲ့သည်။

ဂျာနယ်လစ်များအား ၎င်းတို့၏ အလုပ်တာဝန်များ လုပ်ဆောင်မှုနှင့် ဆက်နွှယ်၍ ထောင်ချခြင်းသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သော မြန်မာနိုင်ငံတွင် လက်သင့်ခံစရာ မကောင်းကြောင်း၊ ယခုကဲ့သို့ စွက်ဖက်သည့် လုပ်ရပ်သည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့် မီဒီယာလွတ်လပ်ခွင့်အတွက် လေးစားမှုမှ နောက်ထပ် ခြေလှမ်းတစ်ရပ် ဝေးကွာသွားခြင်းဖြစ်ကြောင်း RSF ၏ အာရှ-ပစိဖိတ်ဗျူရို၏ ခေါင်းဆောင် Daniel Bastard က ပြောကြားခဲ့သည်။

RSF က ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ မီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းကို ပြီးခဲ့သော သီတင်းပတ်တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၇ ၌ ရပ်တည်ခဲ့သည်။

ပုဂ္ဂလိက သတင်းဂျာနယ် Weekly Eleven မှ ဂျာနယ်လစ် သုံးဦးသည် အောက်တိုဘာ ၁၀ ရက်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ဖမ်းဆီးခံခဲ့ရမှုအတွက် အလွန်အမင်းတုန်လှုပ်ပြီး စိုးရိမ်မိကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း (FCCM) က ထုတ်ပြန်ခဲ့သည်။

ဂျာနယ်လစ်များအား ၎င်းတို့၏ တာဝန်များ ထမ်းဆောင်မှုအတွက် တရားစွဲဆိုခြင်း နှင့် ဖမ်းဆီးခြင်းတို့သည် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို ဖိနှိပ်သည့် ဗြောင်ကျသော ကြိုးပမ်းမှုဖြစ်ကြောင်းနှင့် ထိုဖမ်းဆီးမှုသည် နိုင်ငံထဲတွင် မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ထိခိုက်နေပြီ ဖြစ်သော ဂုဏ်သိက္ခာကို ထပ်မံ ထိခိုက်စေခဲ့ကြောင်း FCCM က ထုတ်ပြန်ခဲ့သည်။

ထိုဖမ်းဆီးခံရသည့် ဂျာနယ်လစ်များအား ချက်ချင်းပြန်လွှတ်ပေးရန် အစိုးရကို တိုက်တွန်းလိုကြောင်းနှင့် မီဒီယာ လွတ်လပ်ခွင့်အား ထပ်မံဖိနှိပ်မှုများကို အာဏာပိုင်များက ရှောင်ရှားစေလိုကြောင်း FCCM က ထုတ်ပြန်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ၏ ပဋိပက္ခတုံ့ပြန်ရေး ဒါရိုက်တာ တီရန်နာဟက်ဆန်ကလည်း ထိုဖမ်းဆီးခံရသည့် ဂျာနယ်လစ်များအား ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဗီယင်နာအခြေစိုက် International Press Institute မှ ရာဗီအာရ်ပရာဆက်က ထိုဖမ်းဆီးမှုသည် မီဒီယာလွတ်လပ်ခွင့်ကို စော်ကားမှုဖြစ်ပြီး အစိုးရသည် အာဏာရှင်အစိုးရ ဖြစ်လာရန် နီးကပ်လာနေသည့် လက္ခဏာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

Eleven Media Group မှ သတင်းသမား သုံးဦးကို ဖမ်းဆီးအရေးယူမှုအား ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ချက်ချင်းလွှတ်ပေးရန် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က သက်ဆိုင်သူများကို သတိပေးကြောင်း အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် Eleven Media Group ၏ သတင်းသမား သုံးဦးကို ဖမ်းဆီးအရေးယူမှုအား မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အမြန်ဆုံး ချက်ချင်း ပြန်လွှတ်ပေးရန် သတိပေးကြောင်း၊ အစိုးရ၏ စီမံခန့်ခွဲမှုအလွဲကို မဖြေရှင်းဘဲ မီဒီယာကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခြင်းသည် အောက်တန်းကျသော လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

October 12, 2018














Copy Protected by Chetan's WP-Copyprotect.