<

မြန်မာရွှေ့ပြောင်းလုပ်သားများအား ကူညီစောင့်ရှောက်ပေးနေသည့် AAC ဂေဟာအား ထိုင်းအာဏာပိုင်များမှ ရှောင်တခင်စစ်ဆေးကာ ရေ၊ မီး ဖြတ်တောက်ခဲ့သဖြင့် လုပ်သား ၁၀၀ ကျော် အခက်အခဲဖြစ်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ကူညီစောင့်ရှောက်ပေးနေသည့် AAC ဂေဟာအား အောက်တိုဘာ ၁၀ ရက်က ထိုင်းအာဏာများမှ ၀င်ရောက် စစ်ဆေးကာ ရေနှင့်မီးဖြတ်တောက်ခဲ့သဖြင့် လုပ်သား ၁၀၀ ကျော် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ယင်းဂေဟာအား ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ လုပ်အားခများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံအတွင်းရောက်ရှိ အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများအား လူမျိုးဘာသာမရွေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါက လာရောက်အကူအညီ တောင်းခံနိုင်သည့် ဂေဟာဖြစ်ပြီး ထိုင်းအာဏာပိုင်များမှ ရုတ်တရက် ၀င်ရောက်စီးနင်း စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“အဓိက ၀င်ရောက်စစ်ဆေးတဲ့ အကြောင်းရင်း မသိပေမယ့် သူတို့ရည်ရွယ်ချက်က ကျွန်တော်တို့အလုပ်သမားတွေကို ကယ်တင်စောင့်ရှောက်ပေးနေတဲ့ဂေဟာကို ပိတ်သိမ်းဖို့ပဲ ဖြစ်ပါတယ်။ အခုလောလောဆယ် ရေနဲ့မီးဖြတ်တောက်သွားတဲ့အတွက် မှီခို နေထိုင်နေရတဲ့ အလုပ်သမားတစ်ရာကျော် စားရေးနေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီအထဲမှာ မွေးကင်းစကလေးတွေလည်းပါတဲ့အတွက် လျှပ်စစ်မီးနဲ့ ရေမရတဲ့ အတွက် တော်တော်လေးကို ဒုက္ခရောက်ကြရပါတယ်။ ကျွန်တော်တို့ကို အဓိက ဦးတည်တာက မြန်မာအလုပ်သမားအရေး ထိုင်းမှာ မလုပ်နိုင်အောင် ဖိအားပေးနေတာပါ။ ဒီကိစ္စကို မြန်မာနိုင်ငံက အစိုးရအကြီးအကဲတွေကို သိစေချင်ပါတယ်” ဟု AAC အဖွဲ့ မှ ကိုရဲမင်းက ပြောကြားသည်။

ဂေဟာတွင် ခိုလှုံနေထိုင်နေသည့် အလုပ်သမားများအနက် လုပ်ငန်းခွင်တွင် ထိခိုက်မိပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသော်လည်း အလုပ်ရှင်မှ ဥပဒေအရနစ်နာကြေး မပေးလျော်သည့်အတွက် အလုပ်သမားဥပဒေအရ တရားစွဲဆိုရင်ဆိုင်နေသည့် ကိုယ်လက်မသန်စွမ်း အလုပ်သမားများ ပါဝင်နေကြောင်း AAC အဖွဲ့ ဒါရိုက်တာဦးခိုင်ကြီးက ဆိုသည်။

“သူတို့က အမှုရင်ဆိုင်နေရတဲ့သူတွေဖြစ်တဲ့အတွက် လောလောဆယ် နေစရာ မရှိဘူး။ ဒီဂေဟာမှာပဲနေရင်း အမှုကို ရင်ဆိုင်နေရတယ်။ သူတို့သွားစရာမရှိတဲ့အတွက် ရေမရှိ မီးမရှိပေမယ့် ဒီဂေဟာမှာဆက်ပြီးဖြစ်သလို နေနေကြရတယ်” ဟု ဦးခိုင်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် AAC အဖွဲ့သည် ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားများအား အကူအညီပေးနေသည့်အဖွဲ့ဖြစ်ပြီး အလုပ်သမားများ၏ နစ်နာကြေးအဖြစ် စုစုပေါင်း ဘတ်သန်း ၇၀ ကျော် မြန်မာလုပ်သားများအား ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့သည့် အဖွဲ့ဖြစ်သည်။

October 12, 2018














Copy Protected by Chetan's WP-Copyprotect.