<

ဖမ်းဆီးခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏သားဖြစ်သူ ပါဝင်မည့် ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရရှိ

ဖမ်းဆီးတရား ရင်ဆိုင်နေရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သားဖြစ်သူ ပါဝင်မည့် ရခိုင့်ဦးဆောင် ပါတီတည်ထောင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၁ ရက်တွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပါတီတည်ထောင်လိုသူများ၏ ကိုယ်စားလှယ် ဦးစိုးဝင်းက “ဒီကနေ့ပဲ ကျွန်တော့်ဆီကို ပါတီတည်ထောင်ခွင့်ပြုပြီဆိုပြီး အကြောင်းကြားလာပါတယ်။ ဒါပြီးရင်တော့ နောက်တစ်ဆင့် ပါတီတည်ထောင်ခွင့် ထပ်တင်ရမှာပါ။ အဲဒီအဆင့်ကို ဥပဒေအတိုင်း ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်ရွေးပြီး ပြန်တင်ရပါမယ်။ ကျွန်တော်တို့မှာကျတော့ ခေါင်းဆောင်က ဒေါက်တာအေးမောင် ရှိပါမယ်။ ဒေါက်တာအေးမောင်ရဲ့ ဦးဆောင်မှုနဲ့ သွားမှာပါ။ ရည်ရွယ်ထားတာကတော့ နောက်ပိုင်းကျရင် ပါတီဖွဲ့စည်းပုံတွေ ပြီးသွားရင်တော့ ပြည်သူကို ချပြသွားပါမယ်။ ဒီတစ်ပတ် အတွင်းမှာတော့ လုပ်ဆောင်စရာတွေ လုပ်ပြီးတော့ ပြန်တင်ဖြစ်အောင် ကြိုးစားသွားဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခွင့်ပြုရန်အတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပထမတွင် အဖရခိုင်ပါတီအမည်ဖြင့် လျှောက်ထားခဲ့သော်လည်း အဖရခိုင်ပါတီဆိုသည့် အမည်ကို လက်မခံနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်က ငြင်းပယ်ခဲ့သဖြင့် ရခိုင့်ဦးဆောင်ပါတီ အမည်ဖြင့် ပြန်လည် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရခိုင့်ဦးဆောင်ပါတီတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ရသေ့တောင်မြို့နယ်မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံမည့် ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်းလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ရန် စစ်တွေခရိုင်တရားရုံးက စက်တင်ဘာ ၁၀ ရက်က ဆုံးဖြတ်ခဲ့ပြီး လက်ရှိတွင် အကျဉ်းကျခံနေရကြောင်း သိရသည်။

October 12, 2018














Copy Protected by Chetan's WP-Copyprotect.