<

NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မီဒီယာလွတ်လပ်ခွင့် ပိုမိုဆုံးရှုံးလာသည်ဟု ရန်ကုန်တိုင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မီဒီယာလွတ်လပ်ခွင့် ပိုမိုဆုံးရှုံးလာသည်ဟု ရန်ကုန်တိုင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက်က အောက်တိုဘာ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် မီဒီယာဖိနှိပ်မှု ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ ဒီမိုကရေစီအစိုးရဟု ကြွေးကြော်ချက်ဖြင့် အာဏာရလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းရေးသား တင်ပြခွင့်တို့ ပိုမိုဆုံးရှုံးလာကြောင်း၊ ပိုမိုဆိုးရွားလာသည့် ဖိနှိပ်မှု ယန္တရားအသစ်တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) သည် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကိုသာမက ယခုအခါ သတင်းသမားများကို ဖမ်းဆီးအရေးယူရာတွင် အသုံးပြုသည့် ပုဒ်မတစ်ခုဖြစ်လာနေကြောင်း ရေးသားထားသည်။

ထို့ပြင် ဆက်သွယ်ရေးဥပဒေ၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်ဥပဒေ၊ မတရားသင်းဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ အသရေဖျက်မှုပုဒ်မ ၅၀၀ နှင့် နိုင်ငံသားများ၏ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုတို့ကို အကာအကွယ်ပေးရေး ဥပဒေများဖြင့် တရားစွဲဆိုမှုများရှိနေပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်၏ သတင်းများ၊ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာဝေစုအား ကြီးမားစွာ ရယူထားသည့် တပ်မတော်၏ သတင်းများကို အများပြည်သူ သိရှိနိုင်စေရန် တင်ပြခြင်း၊ ဝေဖန်ပိုင်းတစ်ပြခြင်းနှင့် လူထုမျက်ကွယ် (မသိနိုင်သည့် အခြေအနေတွင်) လွန်ကျူးသည့်မတရားမှု၊ အကျင့်ပျက်ခြစားမှုများကို အများသိစေရန် ဖော်ထုတ်တင်ပြခြင်းတို့မှာ သတင်းမီဒီယာတို့၏ တာဝန်ဖြစ်သည်ဟု ရန်ကုန်တိုင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက်မှ ယုံကြည်ကြောင်း ဖော်ပြထားသည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၊ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုကျော်စိုးဦးနှင့် ကိုဝလုံး၊ Eleven မီဒီယာမှ ကိုကျော်ဇောလင်း၊ ကိုနရီမင်းနှင့် ကိုဖြိုးေ၀၀င်းတို့၏ အမှုများသည် သတင်းသမားများအပေါ် ဖိနှိပ်မှုနှင့်ပတ်သက်၍ သိသာထင်ရှားသည့် ဖြစ်စဉ်များဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် လွတ်လပ်စွာ သတင်းရယူခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်အပေါ် ဥပဒေအကြောင်းပြု ဖိနှိပ်ခြင်းမှာ ယခင်ကကဲ့သို့ ပြည့်မျက်လုံးအား ထိုးဖောက်ခြင်း သာမကတော့ဘဲ ပြည်သူတစ်ဦးချင်းစီ၏ ဒီမိုကရေစီဖြစ်စဉ်တွင် ပါဝင်ခွင့်၊ တွေးခေါ်ခွင့်နှင့် ပြောဆိုခွင့်တို့ကိုပါ သွယ်ဝိုက်ခြိမ်းခြောက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ သတင်းရေးသား တင်ပြပိုင်ခွင့်တို့ကို တားဆီး ပိတ်ပင်သည့်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နိုင်ငံတော်အဆင့်တာဝန်ရှိသူများ၊ တရားစီရင်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်မှ တာဝန်ရှိသူများအနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရများကို ပျောက်ပျက်စေသည့် ဥပဒေပုဒ်မများဖြင့် အမှုဆင်ဖမ်းဆီးခြင်းများ၊ ထောင်ချခြင်းများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု တိုက်တွန်းတောင်းဆိုခဲ့သည်။

October 11, 2018














Copy Protected by Chetan's WP-Copyprotect.