<

ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဥက္ကဋ္ဌက KTV ဆိုင်ရှင်တစ်ဦးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်

ပဲခူးမြို့တွင် ပဲခူးသားအကောင့်ပိုင်ရှင် ဦးအောင်မျိုးထွန်း (909 KTV ဆိုင်ရှင်) ဆိုသူအား Facebook စာမျက်နှာပေါ်တွင် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စာသားများရေးသား ဖော်ပြသည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဦးသန့်ဇင်က အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပဲခူးမြို့ အမှတ် (၃) ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက် ၁၀ နာရီ ၁၃ မိနစ်တွင် ပဲခူးသားအကောင့်မှ Facebook စာမျက်နှာပေါ်တွင် “ချီးထုပ် သန့်ဇင်ရေ ရဲက ကား (W) ကိုလဲမပေးလို့ နင်ကိုယ်တိုင် ၀င်းဇော်ဦးတို့ကို KTV မှာ ပြဿနာဖြစ်သလိုရောချပြီး သတ်ခိုင်းလိုက်တာလည်း အထောက်အထားတွေ ငါ့မှာရှိတယ် ချီးထုပ်။ နင့်ကိုနင်လည်လှပြီ ထင်နေလားဟုလည်းကောင်း၊ အောက်တိုဘာ ၆ ရက် ၁၀ နာရီခန့်က ပဲခူးမြို့မှ တာဝန်ရှိလူကြီးမင်းများခင်များ ပဲခူးမြို့ပေါ်ရှိ KTV ဆိုင်များသည် နိုင်ငံတော်၏အခွန်ငွေများကို အားလုံးပေးဆောင်ထားသော ဆိုင်များဖြစ်ပါသည်။ တချို့ဆိုင်များ အပြည့်အ၀ မပေးဆောင်နိုင်ခြင်းမှာ ပဲခူးမြို့တွင် ဂျာနယ်တွင်မထည့်ကြေး တစ်လလျှင် သုံးသိန်း၊ လူမိုက်ကြေး တစ်လလျှင် သုံးသိန်း လစဉ် ခြောက်သိန်း ချီးထုပ်သန့်ဇင်ကို ပေးဆောင်ရပြီး ပဲခူးမြို့သည် လမ်းမတော်ဖိုးတုတ်ခေတ်ကို ရောက်နေပါသည်ဟူ၍လည်းကောင်း ပဲခူးသားအကောင့်မှ Facebook ပေါ်တွင် ရေးသားဖော်ပြခဲ့သည်ဟု ဆိုသည်။

“ကျွန်တော် ဒီအကောင့်ကို ဖော်ထုတ်ဖို့နဲ့ တရားစွဲဖို့လုပ်တဲ့အခါမှာ အရမ်းကိုအခက်အခဲတွေ ရှိခဲ့ပါတယ်။ အမှုဖွင့်တဲ့အခါမှာလည်း ကျွန်တော်တို့လို ဥပဒေတွေကို ရင်းရင်းနှီးနှီးနဲ့ ထိုက်သင့်သလောက် သိတဲ့သူတွေတောင် မလွယ်ပါဘူး။ အောက်တိုဘာ ၉ ရက် မနက်က ရဲစခန်းသွားတာ ၁၀ ရက်နေ့မှ အမှုဖွင့်ပေးပါတယ်။ ဦးအောင်မျိုးထွန်းဆိုတာ 909 KTV ပိုင်ရှင်ပါ။ စက်တင်ဘာ ၂၇ ရက်စပြီး လူမှန်အကောင့်နဲ့ ချီးထုပ်သန့်ဇင် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ရေးပါတယ်။ နောက်ပြီး ပဲခူးသားအကောင့် ၀င်းဇော်ဦးအကောင့် ဂွါးဝေးအကောင့် အကောင့်ပုန်း လေးခုနဲ့ တိုက်ခိုက်ပါတယ်။ ဒါတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားဖော်ထုတ်ပြီး ဦးအောင်မျိုးထွန်းဆိုတာ သေချာသိမှ အမှုသွားဖွင့်ခဲ့တာပါ” ဟု အမှုဖွင့်တိုင်ကြားသူ ဦးသန့်ဇင်က ပြောကြားသည်။

အဆိုပါ အမှုဖွင့်တိုင်ကြားမှုကြောင့် ပဲခူးမြို့ အမှတ် (၃) ရဲစခန်းတွင် ဦးအောင်မျိုးထွန်း ပဲခူးမြို့နေသူအား (ပ) ၁၄၁၈/၂၀၁၈ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

October 11, 2018














Copy Protected by Chetan's WP-Copyprotect.