<

စစ်တွေမြို့လယ်ကောင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ပေါက်တောမြို့မှတစ်ဦး ထပ်မံဖမ်းဆီးခဲ့သဖြင့် သုံးဦးအထိရှိလာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေမြို့လယ်ခေါင်တွင် စရဖ (ခွင့်မဲ့ဖြင့်ပျက်ကွက်သူ) တစ်ဦးအား စက်တင်ဘာ ၂၅ ရက် ညပိုင်းက သေနပ်ဖြင့်ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူဟုဆိုကာ ဖမ်းဆီးခံရသူများအနက် လွတ်မြောက်သူများ ရှိခဲ့သော်လည်း ပေါက်တောမြို့မှ လူငယ်တစ်ဦး ထပ်မံဖမ်းဆီးခံရသဖြင့် ဖမ်းဆီးခံရသူသုံးဦး ရှိနေကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် အောက်တိုဘာ ၁၀ ရက်က ငါးဦးကို ပြန်လွှတ်ပေးခဲ့ပြီး အောင်တိုဘာ ၉ ရက်က တစ်ဦးနှင့် အောက်တိုဘာ ၁၀ ရက်က စစ်တွေက တစ်ဦးနှင့် ပေါက်တာမြို့က တစ်ဦးတို့ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

သို့သော်လည်း အောက်တိုဘာ ၉ ရက်က အဝေးသင်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သော အောင်ချေ (ခ) အောင်ဇော်လင်းအား ထပ်မံဖမ်းဆီးကာ ချုပ်ရမန်ရယူခဲ့ကာ အောက်တိုဘာ ၁၀ ရက်တွင် မေယုထွန်း(ခ) မောင်ဇော်ဝင်း၊ အသက် ၃၀ နှစ်တို့အား ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက ပေါက်တောမြို့မရဲစခန်းမှ ခိုင်ဘိုဘို (ခ) ကိုသော်ဆိုသော လူငယ်တစ်ဦးအား ထပ်မံဖမ်းဆီးခဲ့ကာ စစ်တွေမြို့မရဲစခန်းသို့ အောက်တိုဘာ ၁၁ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

“ပထမချုပ်ရမန်ရယူထားတဲ့ ငါးယောက်ကို ဒီနေ့ချုပ်ရမန်လည်းစေ့တယ်။ ကျွန်တော်တို့အနေနဲ့ တရားစွဲတင်နိုင်တဲ့ အထောက်အထား တစ်စုံတစ်ရာမျှ မတွေ့ရတဲ့အတွက် ငါးယောက်ကို လွှတ်လိုက်ပြီး ကျန်တဲ့သုံးယောက်ကိုတော့ စစ်ဆေးစရာရှိလို့ ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။ အောင်ဇော်လင်းနဲ့ မေယုထွန်းနှစ်ယောက်သာ ကျန်တော့တယ်။ နှစ်ယောက်လုံးကို ၂၂ ရက်အထိ ချုပ်ရမန်ရယူထားတယ်” ဟု အမှတ် (၂) စခန်းမှူးက ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီကျော်ခန့်က စစ်တွေမြို့၊ ၀င်္ကပါကွင်းတောင့်အတွင် အမှတ် (၁) စရဖ ရန်ကုန်မှ တပ်ကြပ်အဆင့်ရှိ ကိုဖိုးလုံး (ခ) အောင်ကိုအား အမည်မသိသူတစ်ဦးက သေနပ်ဖြင့် အနီးကပ် ပစ်ခတ်သွားခဲ့သဖြင့် ဆေးရုံမရောက်မီ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကတော့ အကြောင်းအရင်း အသေးစိတ်မသိဘူး။ စစ်တွေကနေ ခဏထိန်းပေးပါဆိုလို့ ပေါက်တောမှာဖမ်းပြီး စစ်တွေကိုလာပို့ပါတယ်။ စစ်တွေမှာ အမှုဖွင့်ထားတယ်လို့သာ သိရတယ်” ဟု ပေါက်တောမှ ရဲအုပ်သန်းဌေးက ပြောကြားသည်။

October 11, 2018














Copy Protected by Chetan's WP-Copyprotect.