မန္တလေးမြို့၌ ခရမ်းလွန်ရောင်ခြည် တိုင်းတာခြင်း စတင် လုပ်ဆောင်လျက်ရှိပြီး လက်ရှိ တိုင်းထွာရရှိသည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ လိမ္မော်ရောင်အဆင့်ရှိ

မန္တလေးမြို့၌ ခရမ်းလွန်ရောင်ခြည် တိုင်းတာခြင်း စတင် လုပ်ဆောင်လျက်ရှိပြီး လက်ရှိ တိုင်းထွာရရှိသည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ လိမ္မော်ရောင်အဆင့်ရှိ
Published 10 July 2017

မန္တလေးမြို့ ချမ်းမြသာစည်လေဆိပ် အတွင်းရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၌ ခရမ်းလွန်ရောင်ခြည်တိုင်းတာခြင်းကို မတ်လဆန်းမှ စတင်ကာ ဆောင်ရွက်လျက်ရှိပြီး တိုင်းထွာရရှိသော အချက်အလက်များအရ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ လိမ္မော်ရောင်အဆင့်တွင် ရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များတွင် ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက်များ တပ်ဆင်ကာ ခရမ်းလွန်ရောင်ခြည် တိုင်းတာမှတ်တမ်းယူခြင်းများကို ဆောင်ရွက်လျက်ရှိပြီး မန္တလေးမြို့တွင် ခရမ်းလွန်ရောင်ခြည် တိုင်းတာခြင်းကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဌာနအနေနဲ့ အရင်က ခရမ်းလွန်ရောင်ခြည် တိုင်းတာတာ မရှိခဲ့ပါဘူး။ ဒီနှစ်မှာစပြီး တိုင်းတာ မှတ်တမ်းယူတာပါ။ လက်ရှိကာလမှာ စမ်းသပ်တိုင်းတာတဲ့ သဘောနဲ့ တစ်နာရီ တစ်ခါ တိုင်းတာမှတ်တမ်းယူပြီး ရရှိတဲ့ မှတ်တမ်းကို မိုးဇလရုံးချုပ်ကို ပေးပို့တင်ပြနေပါတယ်။ တိုင်းတာတာ ၁၅ ရက်လောက်ပဲ ရှိသေးတယ်။ လက်ရှိထိ တိုင်းထွာရရှိချက်တွေအရ လိမ္မော်ရောင်အဆင့်မှာပဲ ရှိပါသေးတယ်”ဟု ချမ်းမြသာစည်လေဆိပ်ရှိ မိုး/ဇလ ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများဖော်ပြရာတွင် အရောင်လိုက်ခွဲကာ အဆင့်သတ်မှတ်ထားခြင်းဖြစ်ပြီး အနိမ့်ဆုံးအဆင့်မှာ အစိမ်းရောင်၊ အသင့်တင့်အဆင့်မှာ အဝါရောင်၊ အမြင့်အဆင့်မှာ လိမ္မော်ရောင်၊ အလွန်မြင့်အဆင့်မှာ အနီရောင်နှင့် အန္တရာယ်ရှိ လွန်ကဲအဆင့်မှာ ခရမ်းရောင် သတ်မှတ်ထားကြောင်း၊ လက်ရှိတွင် မန္တလေးမြို့၌ တိုင်းတာရရှိသည့် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမှာ အမြင့်ဆုံးအနေဖြင့် မတ် ၈ ရက်က ၆ ဒသမ ၄ UV Index တိုင်းတာရရှိခဲ့ပြီး ကျန်ရက်များတွင်  ၅ ဒသမ ၇ UV Index မှ ၆ ဒသမ ၂ UV Index အတွင်း တိုင်းတာရရှိခဲ့ခြင်းကြောင့် လိမ္မော်ရောင်အဆင့်တွင် ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent