<

လာမည့် နှစ်ရက်အတွင်း အားအလွန်ကောင်းလာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အလယ်ပိုင်းနှင့် တောင်တန်းဒေသတို့တွင် မိုးကြီးနိုင်ပြီး မြေပြိုမှုအန္တရာယ်နှင့် တောင်ကျချောင်းရေအန္တရာယ် ဖြစ်ပေါ်နိုင်

၂၀၁၈ ခုနှစ် သြဂုတ်လဆန်းပိုင်းက အင်းစိန်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကို တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တီလစ်သည် လာမည့် နှစ်ရက်အတွင်း အားအလွန်ကောင်းလာနိုင်သည့် အခြေအနေ ရောက်ရှိဖွယ်ရှိနေပြီး ယင်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများနှင့် တောင်တန်းဒေသများတွင် မိုးကြီးနိုင်ကြောင်း သိရသည်။

ထိုသို့ မိုးကြီးနိုင်ခြင်းကြောင့် တောင်ပေါ်ဒေသများတွင် မြေပြိုမှုအန္တရာယ်နှင့် တောင်ကျချောင်းရေအန္တရာယ် ဖြစ်ပေါ်နိုင်ဖွယ်ရှိသဖြင့် သတိပြုနေထိုင်ရန် လိုကြောင်း မိုးဇလညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာ ၁၀ ရက် သတင်းထုတ်ပြန်မှုများအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ ဂိုလ်ပါပူမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၁၇၀ ခန့်နှင့် ကလင်ဂါပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၁၅၀ ခန့်အကွာကို ဗဟိုပြုနေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တီလစ်သည် နှစ်ရက်ခန့်အတွင်း အားအလွန်ကောင်းသည့် အခြေအနေသို့ ပြောင်းလဲဖွယ်ရှိနေကြောင်း သိရပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားဖွယ် မရှိသဖြင့် အ၀ါရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

“လက်ရှိ မုန်တိုင်းရဲ့ အခြေအနေက အ၀ါရောင်ပေါ့။ မြန်မာနိုင်ငံဘက်ကို ရွေ့လျားဖို့တော့ မရှိလို့ပေါ့။ ဗဟိုချက် လေဖိအားကတော့ ၉၉၀ ဟက်တိုဖာစကေး ရှိတယ်။ အမြင့်ဆုံး လေတိုက်နှုန်းအနေနဲ့က တစ်နာရီကို မိုင် ၆၀ ရှိတယ်။ နောက် ၁၂ နာရီအတွင်း ခန့်မှန်းချက်ကတော့ ဒီအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းက မြောက်-အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားပြီးတော့ နောက်ထက် ၁၂ နာရီအတွင်းမှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရတယ်”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

အဆိုပါ အားအလွန် ကောင်းလာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း တီလစ်၏ အခြေအနေကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တောင်တန်းဒေသများ ဖြစ်သည့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ် အပါအ၀င် ရခိုင်ကမ်းရိုးတန်းဒေသများ မိုးကြီးနိုင်ကြောင်း သိရသည်။

ယင်းသို့ မိုးကြီးနိုင်ခြင်းကြောင့် တောင်ကုန်းတောင်တန်း ဒေသများတွင် မြေပြိုမှုအန္တရာယ်နှင့် တောင်ကျချောင်းရေ ကျဆင်းမှု အခြေအနေများ ဖြစ်ပေါ်နိုင်ဖွယ် ရှိသဖြင့် အဆိုပါဒေသများတွင် နေထိုင်သူများ သတိပြုနေထိုင်ရန် လိုအပ်ကြောင်း မိုးဇလညွှန်ချုပ်က အကြံပြုပြောကြားသည်။

“အဓိကတော့ နေရာကွက် မိုးကြီးတာတို့၊ ဒေသအလိုက် မိုးကြီးတာတို့ ဖြစ်နိုင်တဲ့အတွက် တောင်ကုန်းတောင်တန်းဒေသတွေမှာ မြေပြိုမှုအန္တရာယ်တွေ သတိပြုသင့်တယ်။ နောက်တစ်ခုကတော့ မိုးကြီးမှာဆိုတော့ တောင်ကျချောင်းရေ ရုတ်တရက် ထိုးဆင်းတာတွေ ဖြစ်နိုင်တယ်။ ပြီးတော့ အလယ်ပိုင်းဒေသတွေမှာ ချောင်းချောက်တွေ ရှိတယ်။ ချောင်းချောက်တွေမှာ မိုးသည်းထန်စွာရွာရင် အချိန်ခဏလေးအတွင်း ရေအလုံးအရင်းနဲ့ ထိုးဆင်းတာတွေ ဖြစ်နိုင်လို့ သတိပြုနေထိုင်ဖို့တော့ လိုအပ်တယ်”ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

October 11, 2018














Copy Protected by Chetan's WP-Copyprotect.