<

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်များ ဖော်ထုတ်ဖမ်းဆီးပြီး အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းပြီးမှသာ ဒေသ တည်ငြိမ်အေးချမ်းမည် ဖြစ်ကြောင်း မောင်တောရပ်မိရပ်ဖများ ဆွေးနွေး

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးပြီး အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းပြီးမှသာ ဒေသတည်ငြိမ်အေးချမ်းမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့နှင့် တွေ့ဆုံစဉ် မောင်တော ရပ်မိရပ်ဖများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း H.E. Mr. Roelof Meyer ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီခွဲတွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မောင်တောမြို့မှ ဘင်္ဂါလီများ၊ ရခိုင်ရပ်မိရပ်ဖများနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရခိုင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် အချက် သုံးချက်ကို ဆွေးနွေးရန် ခေါင်းစဉ်ပေးထားပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး Community နှစ်ခု လက်ရှိ အခြေအနေ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြမည့်အပေါ် သဘောထားနှင့် ငြိမ်းချမ်းရေးရရှိရန် မည်သို့ ဆောင်ရွက်ရမည်လဲ ဆိုသည့်အပေါ်တွင် အချိန်တစ်နာရီခန့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့သူ မောင်တောမြို့မိမြို့ဖ ရှေ့နေ ဦးအောင်ကျော်ညွန့်က ဆိုသည်။

တွေ့ဆုံ ဆွေးနွေးခဲ့သူ မောင်တောမြို့မိ မြို့ဖ ဦးအောင်ကျော်ညွန့်က “သူအဓိက ပြောချင်တာကတော့ Community နှစ်ခု လက်ရှိ အခြေအနေ ဘယ်လိုလဲ။ နှစ်ဖက် တွေ့ဆုံဆွေးနွေးကြမယ့်ကိစ္စက ဘယ်လိုလဲ။ နောက် ဘယ်လိုလုပ်ရင် ငြိမ်းချမ်းရေး ရနိုင်မလဲပေါ့ ဆိုတာကို ဆွေးနွေးပေးဖို့ ပြောတယ်။ ကျွန်တော်တို့ အဓိကပြောတာကတော့ မောင်တောနယ်စပ် ပြဿနာဟာ အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့် ဒေသ တည်ငြိမ်အေးချမ်းဖို့ဆိုရင် အကြမ်းဖက်သမားတွေကို ဖော်ထုတ်ဖမ်းဆီး နှိမ်နင်းရေးသာ အဓိကဖြစ်တယ်ဆိုတာကို ပြောဖြစ်ကြပါတယ်”ဟု ပြောကြားသည်။

တွေ့ဆုံ ဆွေးနွေးရာတွင် ၂၀၁၇ ခုနှစ် ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို လွန်စွာကျဆင်းခဲ့ကြောင်းနှင့် ယင်းသို့ဖြစ်စဉ်မျိုး ထပ်မဖြစ်စေရေးအတွက် တတ်နိုင်သလောက် ကာကွယ်လိုကြောင်းနဲ့ ငြိမ်းချမ်းစေလိုသည့် ဆန္ဒကြောင့် မည်သည့်ဘက်ကိုမျှ မလိုက်ဘဲ အဖြေရှာသွားမည် ဖြစ်ကြောင်း H.E. Mr. Roelof Meyer က ပြောကြားခဲ့ကြောင်း သိရသည်။

“အဓိက သူပြောတာကတော့ သူ့အနေနဲ့ ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒကြောင့် ဘယ်သူ့ဘက်မှ မလိုက်ပေါ့။ ၂၀၁၇ ခုနှစ် ဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ကျဆင်းစေခဲ့တယ်။ ၂၀၁၇ ခုနှစ် ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ရအောင် တတ်နိုင်သလောက် ကာကွယ်စေလိုတယ် လို့ပြောတယ်။ ဒါကြောင့်သူ့ကို တစ်ယောက်မှ ခိုင်းလိုက်တာ မဟုတ်ဘူးဆိုတာကို ပြောတယ်။ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပြန်ကောင်းလာစေချင်တယ်လို့ ပြောတယ်။ နောက်သူက ခေါင်းစီးသုံးခု ပေးတယ်။ ခေါင်းစီး သုံးခုက လက်ရှိ အနေအထား၊ စကားဝိုင်း လုပ်ဖို့ကိစ္စ၊ ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ်မှာ ဆွေးနွေးပေးဖို့ ပြောတယ်။ သူ့အနေနဲ့ လုပ်သင့်တယ်လို့ မြင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့က ပြောတာက ခိုးဝင်လာသူတွေဟာ နေရာလု တိုက်ခိုက်လာလို့ အစိုးရနဲ့ ဖြစ်လာတဲ့ ပြဿနာသာ ဖြစ်တယ်။ သူတို့ကို ဖိနှိပ်ထားတာလည်း မရှိဘူး”ဟု ဦးအောင်ကျော်ညွန့်က ပြောကြားသည်။

October 11, 2018














Copy Protected by Chetan's WP-Copyprotect.