<

ဂေါ်ရန်ဂျီကျွန်းဒေသရှိ တည်းခိုရိပ်သာလုပ်ငန်းများ တရားမ၀င်ဖြစ်နေသဖြင့် အစိုးရနှင့် ဒေသခံများ ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေ

ဧရာဝတီတိုင်းဒေသကြီး ဂေါ်ရန်ဂျီကျွန်းဒေသရှိ တည်းခိုရိပ်သာလုပ်ငန်းများ တရားမ၀င်ဖြစ်နေသဖြင့် အစိုးရနှင့် ဒေသခံများ ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေကြောင်း သိရသည်။

ဂေါ်ရန်ဂျီကျွန်းဒေသမှာ စည်ပင်သာယာ နယ်နိမိတ်ထဲ၌ ပါဝင်မှုမရှိခြင်းကြောင့် တည်းခိုရိပ်သာလုပ်ငန်းများကို လိုင်စင်ပေးမရသဖြင့် တရားမ၀င်ဖြစ်နေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

“ဂေါ်ရန်ဂျီက ဘယ်လိုဖြစ်လဲဆိုတော့ မြေပိုင်ဆိုင်မှု အခြေအနေနဲ့ ပတ်သက်လို့ ခိုင်မာမှုမရှိဘူး ဖြစ်နေတယ်။ သူတို့တွေကို ကျွန်တော်တို့က စနစ်တကျနဲ့ မှတ်ပုံတင်ပေးပြီးတော့ လုပ်ပေးချင်တာပေါ့။ မြေပိုင်ဆိုင်မှု မရှိတဲ့အခါ ဒီကိစ္စကိုပဲ အဆင်ပြေအောင် လုပ်နေတယ်။ သူတို့နဲ့ တိုင်ပင်ပြီး အစိုးရအဖွဲ့ကို တင်ပြဖို့ ဆောင်ရွက်နေတာရှိတယ်။ အဲဒီမှာ ခရီးသွားနဲ့ ပတ်သက်လို့ တည်းခိုရိပ်သာ လုပ်ငန်းတွေရှိတယ်။ အဲဒီတည်းခိုရိပ်သာ လုပ်ငန်းတွေက လိုင်စင်မရှိဘူး ဖြစ်နေတယ်။ စည်ပင်သာယာလိုင်စင်လည်း မရှိဘူး။ ကျွန်တော်တို့ ဟိုတယ်၊ ခရီးကပေးတဲ့ လိုင်စင်လည်း မရှိဘူး။ ကျွန်တော်တို့တွေက ပေးချင်တယ်၊ ကွင်းဆင်းမှုကိုလည်း ခဏခဏ လုပ်တယ်။ ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတော့ စည်ပင်သာယာနယ်နိမိတ်ထဲမှာ အဲဒီ့ရွာတွေက မရှိဘူး။ စည်ပင်သာယာနယ်နိမိတ်မှာ မရှိတဲ့အခါ မြေပိုင်ဆိုင်မှုအထောက်အထား မခိုင်မာဘူး။ ဒါပေမဲ့ လုပ်ငန်းကတော့ ဖြစ်နေတယ်။ ဒါကိုဘယ်လိုမျိုးလုပ်ရင် ကောင်းမယ်ဆိုတာ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုခံဖို့ အတွက် ဟိုတစ်လောက ကျွန်တော်တို့ဆီ အဲဒီ့လုပ်ငန်းရှင်တွေ တက်လာပြီး တိုင်ပင်ပြီးတော့ အစိုးရအဖွဲ့ကိုတင်ပြပြီး လမ်းညွှန်မှုခံဖို့ လုပ်ထားပါတယ်။ မကြာခင်သူတို့ စာတင်ပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။

ဂေါ်ရန်ဂျီကျွန်းဒေသ၌ တည်းခိုရိပ်သာလုပ်ငန်းများ တရားဝင်ဖြစ်လာစေရန် အဆိုပါ ဒေသကို စည်ပင်သာယာနယ်နိမိတ်ထဲ ထည့်သွင်းနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

“ဂေါ်ရန်ဂျီဒေသနံ့သာပု၊ ကြွေချိုင်ကို စည်ပင်သာယာနယ်နိမိတ်ထဲ သွတ်သွင်းဖို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက ကြိုးစားခဲ့ပါတယ်။ ဒေသခံတွေက စည်ပင်သာယာ နယ်နိမိတ်ထဲသွင်းမှာကို အပြင်းအထန် ဆန့်ကျင်ကြပါတယ်။ ဘာကြောင့် ဆန့်ကျင်လဲဆိုတော့ ကျေးလက်ဒေသ အနေအထားမှာ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ခင်းပေးတဲ့ လမ်းတွေဘာတွေ ခွဲဝေရရှိတဲ့ အခါမှာ သူတို့က ဒီရရှိတဲ့ အခွင့်အရေးတွေ လက်လွတ်သွားမှာစိုးလို့ စည်ပင်သာယာ နယ်နိမိတ်ထဲကို မ၀င်ချင်ပါဘူးဆိုပြီး ရွာသူရွာသားတွေစုပြီး လက်မှတ်ထိုး ကန့်ကွက်တဲ့အတွက် ဒီလုပ်ငန်း နှောင့်နှေးနေခြင်း ဖြစ်ပါတယ်။ စည်ပင်သာယာနယ်နိမိတ်ထဲ သွတ်သွင်းမှုကိုလက်ခံဖို့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ဒေသခံတွေ တွေ့ဆုံပြီးတော့ ရှင်းလင်းချပြခြင်းများနဲ့ စည်းရုံးဆောင်ရွက်ပါဆိုပြီး ဆောင်ရွက်ခိုင်းထားတာ ရှိပါတယ်။ အထွေထွေ အုပ်ချုပ်ရေးကိုလည်း မြို့နယ်နိမိတ်ထဲကို သွတ်သွင်းဖို့ လမ်းညွှန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မြို့နယ်နိမိတ်ထဲ တစ်ဆက်တစ်စပ်တည်း မရှိဘဲနဲ့ ကွာဝေးနေတဲ့ ကျေးလက်ဒေသဖြစ်တဲ့အတွက် မြို့နယ်နိမိတ်ထဲကို သွတ်သွင်းဖို့က ခက်ခဲတဲ့အတွက် စည်ပင်သာယာ နယ်နိမိတ်ကိုပဲ သွတ်သွင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။ စည်ပင်သာယာ နယ်နိမိတ်ထဲ သွတ်သွင်းခြင်းအားဖြင့် အားလုံးက စနစ်တကျ ကြီးကြပ်ကွပ်ကဲပြီးတော့မှ တရားဝင် လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေအဖြစ် လုပ်ကိုင်ရမယ်ဆိုရင် တရားဥပဒေညီညွတ်တဲ့ ဟိုတယ်လုပ်ငန်း၊ တည်းခိုခန်းလုပ်ငန်းတွေ ဖြစ်လာမှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

လက်ရှိတွင် ဂေါ်ရန်ဂျီကျွန်းဒေသ၌ တည်းခိုရိပ်သာ ၃၆ ခုခန့်ရှိပြီး ဘန်ဂလို အလုံးရေ ၃၃၀ ကျော်ရှိကာ တစ်နှစ်လျှင် ခရီးသွား ၇၀,၀၀၀၀န်းကျင် လာရောက်လျှက်ရှိကြောင်း သိရသည်။

October 10, 2018














Copy Protected by Chetan's WP-Copyprotect.