<

ဆင်းရဲနွမ်းပါးသော အခြေခံလူတန်းစားပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကောင်း တစ်ရပ်ပေါ်ပေါက်လာရေး တောင်တွင်းကြီးတွင် ဒေသခံ ၅၀ ခန့် ဆန္ဒထုတ်ဖော်

ကျန်းမာရေးစောင့်ရှောက်မှုကောင်းတစ်ရပ် ပေါ်ပေါက်လာရေးအတွက် တောင်တွင်းကြီးမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-အောင်ကျော်ကျော်)

ဆင်းရဲနွမ်းပါးသော အခြေခံလူတန်းစား ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကောင်းတစ်ရပ် ပေါ်ပေါက်လာရေး ခေါင်းစဉ်ဖြင့် တောင်တွင်းကြီးတွင် ဒေသခံ ၅၀ ကျော် ဆန္ဒဖော်ထုတ်မှုတစ်ခု အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုကို တောင်တွင်းကြီးမြို့ အကြည်တော်လမ်းဆုံ ဆုံစည်းရာ ဆိုင်ကယ်ကယ်ရီဂိတ်မှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်သူများက (၁) မွေးလူနာအား ဆေးထည့်ပေးမယ်ပြောပြီး မွေးခန်းထဲကိုခေါ်၍ငေါက်သော ဆေးရုံအုပ်အား (အလိုမရှိ)၊ (၂)လောက်လေးခွ ခါးကြားထိုး၍လူနာများကို လိုက်လံကြည့်ရှု စစ်ဆေးသော ဆေးရုံအုပ်အား (အလိုမရှိ) (၃)အလုပ်မလုပ်သော ညတာဝန်ကျ ဆရာ၊ ဆရာမများအား (အလိုမရှိ)၊ (၄) ဆင်းရဲနွမ်းပါးလူနာများအား ခွဲခြားဆက်ဆံသော ဆေးရုံအုပ်အား (အလိုမရှိ)၊ (၅) တောင်တွင်းကြီးမြို့နယ်အတွင်းမှ မွေးလူနာများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ရရှိရေး (ဒို့အရေး)၊ (၆) သူနာပြု ဆရာ၊ ဆရာမများနှင့်သာ သက်ဆိုင်သောလုပ်ငန်းများအား သန့်ရှင်းရေးဝန်ထမ်းများနှင့် ခိုင်းစေနေခြင်းအား ရပ်တန့်ရေး (ဒို့အရေး)၊ (၇) ဆင်းရဲနွမ်းပါးပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆေးရုံကြီး ဖြစ်ပေါ်စေရေး (ဒို့အရေး)၊ (၈)တောင်တွင်းကြီးဆေးရုံအတွင်းမှ ၀န်ထမ်းဆိုးများအား စိစစ်အရေးယူပေးရေး (ဒို့အရေး)၊ (၉) တောင်တွင်းကြီးဆေးရုံအတွင်းရှိသော အိမ်သာများအား ကန်ထရိုက်ပေး၍ အခကြေးငွေ ကောက်ခံနေမှုအား ရပ်တန့်ပေးရေး (ဒို့အရေး)၊ (၁၀) ချမ်းမြေ့ဆရာတော်ကြီးမှ လှူဒါန်းထားသော နားနေဆောင်အား လူနာစောင့်များ အမှန်တကယ် လွတ်လပ်စွာ နားခိုနိုင်ရေး (ဒို့အရေး)၊ (၁၁) သတင်းမီဒီယာအမှောင်ချပြီး ဆေးရုံဝင်းအတွင်း ဥပဒေမဲ့လုပ်ရပ်များကို (ချက်ချင်းရပ်) စသော ကြွေးကြာ်သံများကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြမှုနှင့်ပတ်သက်ပြီး ဦးဆောင်သူ ဦးကျော်မိုးက “ဆင်းရဲနွမ်းပါးတဲ့ အခြေခံ လူတန်းစားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကောင်း တစ်ရပ်ပေါ်ပေါက်ဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြတာပါ။ တောင်တွင်းကြီးဆေးရုံမှာ လူနာတွေအပေါ် ခွဲခြားဆက်ဆံခံရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက် မွေးလူနာတစ်ယောက်ကို ဆရာဝန်ကြီးမွေးခန်းထဲခေါ်ပြီး အော်ငေါက်တာမျိုးတွေ လုပ်တယ်ပေါ့။ အဲဒီမွေးလူနာက မကွေးကိုသွားပြီး မွေးဖွားခဲ့ရတယ်။ ဆင်းရဲနွမ်းပါးလူနာများကို ခွဲခြားဆက်ဆံတဲ့ ဆေးရုံအုပ်အလိုမရှိလို့လည်း တောင်းဆိုထားပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး တောင်တွင်းကြီးမြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာအောင်ဇော်မိုးက “သူတို့ပြောတဲ့ မွေးလူနာကို မွေးခန်းထဲခေါ်ပြီး ငေါက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ မွေးခန်းက ကျဉ်းတော့ ကျွန်တော့်စကားသံ ကျယ်သွားတာမျိုးပါ။ နောက်ပြီး လေးခွနဲ့ လူနာကြည့်တယ်ဆိုတာလည်း အဲဒီနေ့က အိမ်ကကြောင်ကို ခွေးကိုက်လိုက်လို့ ခွေးပစ်ရင်းနဲ့ အမှတ်တမဲ့ ပါလာတာမျိုးပါ။ လူနာတွေကို ခွဲခြားဆက်ဆံတယ်ဆိုတာလည်း လုံးဝမရှိခဲ့ပါဘူး။ ဒီဆေးရုံကြီးက ကျွန်တော်စတင် တာဝန်ထမ်းဆောင်စဉ်ကာလတုန်းက ဂျုန်းဂျုန်းကျ အနေအထားပါ။ အခု ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ အများကြီး ပြောင်းလာတယ်ဆိုတာ မြို့နေလူထု မြို့မိမြို့ဖတွေ အသိဆုံးပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြမှုကို နံနက် ၉ နာရီမှ စတင်ကာ ၁၁ နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

October 10, 2018














Copy Protected by Chetan's WP-Copyprotect.