စောမွန်လှကျွန်းနှင့် အနီးတစ်ဝိုက်တွင် ရေချိုခပ်ခွင့် မရခြင်း၊ ငါးဖမ်းလှေငယ်များ ဝင်ထွက်ခွင့် မရခြင်းအပေါ် ဆလုံတိုင်းရင်းသားများ စုစည်းပြီး အမျိုးသားလွှတ်တော်သို့ တင်ပြမည်

စောမွန်လှကျွန်းနှင့် အနီးတစ်ဝိုက်တွင် ရေချိုခပ်ခွင့် မရခြင်း၊ ငါးဖမ်းလှေငယ်များ ဝင်ထွက်ခွင့် မရခြင်းအပေါ် ဆလုံတိုင်းရင်းသားများ စုစည်းပြီး အမျိုးသားလွှတ်တော်သို့ တင်ပြမည်
Published 10 July 2017
ပုလဲကုမ္ပဏီမှ ဘောသီးများ လာချထားစဉ်

မြိတ်ကျွန်းစုအတွင်းရှိ စောမွန်လှကျွန်းနှင့် အနီးတစ်ဝိုက်တွင် ဒေသခံများအနေဖြင့် ရေချိုခပ်ခွင့် မရခြင်း၊ ငါးဖမ်းလှေငယ်များ ဝင်ထွက်ခွင့် မရခြင်းအပေါ် ဆလုံတိုင်းရင်းသားများ စုစည်းပြီး အမျိုးသားလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စောမွန်လှကျွန်းအား ပုလဲမွေးမြူရေးကုမ္ပဏီတစ်ခုမှ ဝင်ရောက်လာပြီး ဒေသခံများအား ရေချိုခပ်ခွင့် မပေးတော့သည့်အပြင် ဆလုံတိုင်းရင်းသားများ အသုံးပြုလေ့ရှိသည့် ကင်းမွန်မျှားသည့် လှေငယ်လေးများအား ဝင်ထွက်ခွင့် မပေးတော့ခြင်းကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်နေသည့်အပြင် လုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“ဆလုံတိုင်းရင်းသားတွေကတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့ ရွာကနေ ရှစ်မိုင်လောက်ဝေးတဲ့ နေရာတွေမှာ ရေချို လိုက်ရှာနေရပါတယ်။ သာမန် လက်နဲ့လှော်ရတဲ့ လှေကလေးတွေကတော့ မသွားနိုင်ဘူး။ စက်တပ်ထားတဲ့ လှေတွေက သွားရောက် ခပ်ယူလာတဲ့ရေတွေကို ဝယ်သုံးနေရတာပေါ့။ စောမွန်လှကျွန်းမှာက ရေချိုတွေ ရှိပါတယ်။အရင်ကတည်းကလည်း ဒီက ဒေသခံတွေ နွေရာသီဆိုရင် ရေချိုသွားရောက် ခပ်ယူနေကြပါ။ အခု တာဆာကီဆိုတဲ့ ပုလဲဌာနဆိုလား ဝင်လာတယ်။ ကျွန်းအရှေ့က ရေပြင်မှာ ပလတ်စတစ် ဘောသီးလေးတွေ လာချလိုက်တယ်။ ကျွန်းကိုလည်း ဘယ်သူမှ ပေးမဝင်တော့ဘူး။ အခု ဆလုံတိုင်းရင်းသားတွေအပြင် ဒီ အနီးနားကျေးရွာက လူတွေပါ အခက်ခဲဖြစ်နေကြပြီ” ဟု လငန်းကျေးရွာမှ ဦးမြင့်လွင်က ပြောကြားသည်။

စောမွန်လှကျွန်းတွင် မြိတ်အများပိုင်မှ ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် လျှောက်ထားသော်လည်း ပုလဲကုမ္ပဏီမှ လက်ဦးမှု ရရှိထားသည့် အနေအထားဖြစ်နေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent