<

မိတ္ထီလာမြို့နယ် မွေကျေးရွာအနီးရှိ တ၀ဂူစေတီတော်မှ ရှေးဟောင်းကျောက်ဆင်းတုတော်တစ်ဆူ၏ ဦးခေါင်းတော် ဖြတ်တောက်ခိုးယူခံရ

မိတ္ထီလာမြို့နယ် မွေကျေးရွာအုပ်စု၊ မွေကျေးရွာအနီးရှိ မြောက်မျက်နှာ တ၀ဂူစေတီတော်မှ ရှေးဟောင်းကျောက်ဆင်းတုတော်တစ်ဆူ၏ ဦးခေါင်းတော်အား ဖြတ်တောက် ခိုးယူခံခဲ့ရကြောင်း ကျေးရွာသားများထံမှ သိရှိရသည်။

“ရွာနဲ့စေတီနဲ့က သုံးဖာလုံလောက်ဝေးတယ်၊ စေတီနဲ့ရွာကဝေးပေမယ့် ရွာက လူတွေက တောထဲသွားလည်း ပိုးမွှားအန္တရာယ်ကင်း ဘေးရှင်းအောင် ၀င်ကန်တော့၊ အပြန် ၀င်ကန်တော့။ အဲဒီလို ၀တ်ပြုလေ့ရှိတဲ့ဘုရားပါ၊ နှစ်စဉ် သီတင်းကျွတ်နဲ့ ၀ါဆိုဦးတို့မှာလည်း လူ ၁၀၀၀ ကျော်လောက် ဆွမ်းလောင်းတာတို့ ဘုရားပွဲတို့ စည်ကားစွာလုပ်လေ့ရှိတယ်၊ အဲဒီစေတီမှာ ညနေပိုင်းဝင်ကန်တော့တဲ့ လူက ဘုရားဆင်းတုတော်ကို ဖူးတွေ့ခဲ့ရတယ် ပြောတယ်။ မနက်ခင်းကျ ဆွမ်းသွားကပ်တဲ့ လူကမတွေ့တော့ဘူးဆိုတော့ ကျွန်တော်တို့က အောက်တိုဘာ ၆ ရက် ညပိုင်း သို့မဟုတ် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းလောက်မှာ ဆင်းတုတော် အခိုးခံရတယ်လို့ သုံးသပ်တယ်။ မနက်ခင်းပိုင်းမှာ ဆွမ်း၊ ဆီမီးသွားကပ်တဲ့ ကျေးရွာသားတွေက ဆင်းတုတော်ဖြတ် အခိုးခံရတာကို စ,သိတယ်။ စေတီမှာပါတဲ့ ရေးထားတဲ့ ကျောက်စာအရ ရှေးဘုရားလို့ ပြောရတာပါ။ စေတီမှာပါတဲ့ ကျောက်ဆင်းတု ဖြတ်ခိုးသွားတာ၊ ဆင်းတုတော်က ဥာဏ်တော် သုံးပေခြောက်လက်မလောက်ရှိမယ်။ ကျောက်ဆင်းတု ထိုင်ကိုယ်တော်ပါ၊ တစ်ဆူလုံးမယူဘဲ ဦးခေါင်းတော် နားရွက်ပါအောင် ပခုံးသားထိ ဖြတ်ယူသွားတယ်။ ဆင်းတုတော် လည်ပင်းရဲ့ အောက်ပိုင်းကျန်နေခဲ့တယ်၊ လွှတိုက်ရင် လွှစာတွေ့မယ်၊ ချိန်းဆောနဲ့ ဖြတ်ရင်လည်း အစထွက်ရမယ်။ ဘယ်လိုလုပ်သွားတယ် မသိဘူး။ အစအန ဘာမှမတွေ့ရဘူး၊ ကားက စေတီထိ ၀င်လို့မရဘူး။ ဆိုင်ကယ်ကတော့ တောသွားတောလာ ဖြတ်လေ့ဖြတ်ထ ရှိတယ်။ ခုချိန်ထိတော့ ဘာမှထူးထူးခြားခြား မတွေ့ဘူး။ ရွာဘက်မှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဘုရားခိုးတာတွေ ဖြစ်ဖူးတယ်။ ခုမှ ပြန်ဖြစ်တာပဲ။ ရွာနီးချုပ်စပ်မှာလည်း ဘုရားခိုးတာ မကြားမိဘူး။ ကျွန်တော်တို့ အမှုမဖွင့်တာက ဆရာတော်ဘုရားနဲ့ ရပ်ရွာအကြီးအကဲတွေက မဖွင့်ချင်ဘူး။ ဆရာတော်ဘုရားကြီးက သက်တော်ကလည်း ကြီးပြီ။ သူ့ဘာသာသူ ငရဲရောက်မယ့်ကိစ္စ မင်းတို့ အကုသိုလ်ဝင်မယူနဲ့လို့ ဆရာတော်ကြီးက မိန့်တယ်။ ဆရာတော်စကားတော့ နားထောင်ရမယ်။ ဒါကြောင့် ကျွန်တော်တို့ အမှုမဖွင့်ဘူး၊ ရဲစခန်းကိုတော့ သတင်းလေးပို့ထားပါတယ်။ မနေ့ကတော့ ရဲတပ်ဖွဲ့ဝင်တွေ လာကြည့်သွားတယ်” ဟု မိတ္ထီလာမြို့နယ် မွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဇောက ပြောကြားသည်။

October 8, 2018














Copy Protected by Chetan's WP-Copyprotect.