ပြစ်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးစီးအဖွဲ့ဝင်များ လစဉ်ချီးမြှင့်ငွေ ခံစားရမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို လစာခံစားခွင့်ပြုထားကြောင်း သိရ

ပြစ်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးစီးအဖွဲ့ဝင်များ လစဉ်ချီးမြှင့်ငွေ ခံစားရမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို လစာခံစားခွင့်ပြုထားကြောင်း သိရ
Published 8 October 2018

ပြစ်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးစီးအဖွဲ့ဝင်များအနေဖြင့် လစဉ်ချီးမြှင့်ငွေခံစားခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံထားရသည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာအေးမောင်ကို လစာခံစားခွင့်ပြုထားကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာအမှတ် ၅၆/ ၂၀၁၈ နှင့် ပြည်သူ့လွှတ်တော်အမိန့်အမှတ် ၃/၂၀၁၈ ကြေညာချက်များအရ သိရသည်။

ပြစ်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဦးစီးအဖွဲ့ဝင်များ၏ လစဉ်ချီးမြှင့်ငွေဆိုင်ရာ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ အမှတ် ၅၆/ ၂၀၁၈ အရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး သို့မဟုတ် ဦးစီးအဖွဲ့ဝင်တစ်ဦးဦးသည် တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်းခံရပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံရလျှင် ချုပ်နှောင်ခံရသည့်နေ့မှစ၍ ပထမတစ်နှစ်အတွက် လစဉ်ချီးမြှင့်ငွေ၏ ၁/၂  နှုန်းနှင့် တစ်နှစ်ပြည့်ပြီး နောက်ပိုင်းကာလအတွက် လစဉ်ချီးမြှင့် ငွေ၏ ၃/၈ နှုန်းကို ခံစားခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် ဦးစီးအဖွဲ့ဝင်သည်  အပြစ်တစ်စုံတစ်ရာမရှိကြောင်း  တရားရုံးကဆုံးဖြတ်လျှင်  သို့မဟုတ်  သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ ဦးစီးအဖွဲ့ဝင် အဖြစ်မှလည်းကောင်း ရပ်စဲခံရခြင်းမရှိလျှင်  ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့်နေ့မှစ၍  လစဉ်ချီးမြှင့်ငွေကို  အပြည့်အ၀ ပြန်လည်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် လက်မှတ်ရေးထိုးထုတ်ပြန်သည့် အဆိုပါ အမိန့်ကြော်ငြာစာ အမှတ် ၅၆/ ၂၀၁၈ မှာ “ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးအဖွဲ့ဝင်များ၏  ချီးမြှင့်ငွေနှင့်စရိတ်များဆိုင်ရာ ဥပဒေပုဒ်မ ၁၆  ပါ  ပြဋ္ဌာန်းချက်နှင့်အညီ” အမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူပင် ဖမ်းဆီးခံထားရသည့် မဲဆန္ဒနယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်သည်  မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) အရ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှစ၍ တရားစွဲဆိုချုပ်နှောင်ခြင်းခံနေရသဖြင့် ပြည်ထောင်စုလွှတ်တော်၏ အမိန့်ကြော်ငြာစာအမှတ်၊ ၅၆/၂၀၁၈ အရ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် ချုပ်နှောင်ခြင်းခံရချိန်မှစ၍ တရားရုံး၏ စီရင်ဆုံးဖြတ်ချက် မချမီကာလအတွင်း ပထမတစ်နှစ်အတွက် လစဉ်ချီးမြှင့်ငွေ၏ ၁/၂ နှုန်းနှင့် တစ်နှစ်ပြည့်ပြီး နောက်ပိုင်းကာလအတွက် လစဉ်ချီးမြှင့်ငွေ၏ ၃/၈ နှုန်းကိုခံစားခွင့်ပြုကြောင်း ပြည်သူ့လွှတ်တော်အမိန့်အမှတ် ၃/၂၀၁၈ ဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လက်မှတ် ရေးထိုးထုတ်ပြန်ထားသည်။

ဒေါက်တာအေးမောင်အနေဖြင့် အပြစ်တစ်စုံတစ်ရာမရှိကြောင်း  တရားရုံးက ဆုံးဖြတ်လျှင် သို့မဟုတ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်းမရှိလျှင် တရားစွဲဆိုခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည့်နေ့မှစ၍ လစဉ်ချီးမြှင့်ငွေအား အပြည့်အ၀ ပြန်လည်ခံစားခွင့်ပြုမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်၏ အမိန့်အမှတ် ၃/ ၂၀၁၈ တွင် ဖော်ပြထားမှုအရ သိရသည်။

Most Read

Most Recent