ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ယခုရေကျကာလတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၆ လုံး ထပ်မံရွှေ့ပြောင်းထားရပြီး ရွှေ့ပြောင်းရသည့် အိမ်ခြေ ၁၀၆ လုံးထိ ရှိလာကြောင်း သိရ

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ယခုရေကျကာလတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၆ လုံး ထပ်မံရွှေ့ပြောင်းထားရပြီး ရွှေ့ပြောင်းရသည့် အိမ်ခြေ ၁၀၆ လုံးထိ ရှိလာကြောင်း သိရ
Published 7 October 2018

မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေသည့် အနောက်သီရိကျေးရွာအနီး မြစ်ကမ်းပါးကို တွေ့ရစဉ်

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ယခုအောက်တိုဘာလ၏ ရေကျကာလတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် နေအိမ် ၁၆ လုံး ထပ်မံရွှေ့ပြောင်းထားရပြီး ရေတိုက်စားမှုကြောင့် ရွှေ့ပြောင်းရသည့် အိမ်ခြေ ၁၀၆ လုံးထိ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ ယခုနှစ် မြစ်ရေတက်ကာလ စတင်ချိန် ဇူလိုင်လလယ်ပိုင်းတွင် မြစ်ရေ တိုက်စားမှုကြောင့် နေအိမ် ၁၈ လုံး၊ စက်တင်ဘာလတွင် နေအိမ် ၁၃ လုံးနှင့် ယခုရေကျကာလ အောက်တိုဘာလတွင် နေအိမ် ၁၆ လုံး စုစုပေါင်း နေအိမ် ၄၇ လုံး အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရသည်။

မြစ်ရေတိုက်စားမှုကြောင့် နေအိမ်မြေနေရာများသာမက စိုက်ပျိုးမြေရင့်များနှင့် ရေကျချိန်တွင် ပေါ်ထွန်းသည့် မြေနုများပါ ပြိုကျပျက်စီးနေပြီး ရွှေ့ပြောင်းရသည့် နေအိမ်များမှာလည်း မြေနေရာ ဝယ်ယူရေးအတွက် မြေဈေးနှုန်း ကြီးမြင့်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“မြစ်ကြောင်းက ရွာဆီကို အရှေ့ကနေ တည့်တည့်လာတာဆိုတော့ ရေဦးတိုက်ဖြစ်ပြီး ကမ်းကတအား ပြိုနေတယ်။ ကမ်းပါးက ဝါဆိုလဆန်း ၂ ရက်လောက်က စပြိုတယ်။ တဖြည်းဖြည်းနဲ့ ဆုတ်ဆုတ်လာတာ ရွှေ့ရတဲ့ အိမ်ခြေ ၁၀၆ လုံးထိရှိပါပြီ။ မြေနေရာ ပြန်ရဖို့ အစိုးရဆီကို မရသေးတဲ့ အိမ်တွေအတွက် လျှောက်ထားတယ်။ ဝါဆိုလဆန်း ၂ ရက်က ပြိုလာတာမှာ ရေတက်တာနဲ့ တက်သလိုကို ပြိုနေတာ။ ရေကျရင် ကျသလို သက်သာတယ်။ တက်လာရင်တော့ အတော်ကို ပြိုကျနေတယ်” ဟု အနောက်သီရိကျေးရွာမှ ကိုမောင်နိုင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ရေတက်ရေကျ ကာလတွင် မြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၆၉ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ရပြီး ရွာဦးစေတီနှင့် စိုက်ပျိုးမြေ အများအပြားမှာ မြစ်အတွင်း ပြိုကျပျက်စီး ခဲ့ရသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြစ်ရေစီးကြောင်းအရ ကမ်းပြိုမှု ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရမှ အနောက်သီရိကျေးရွာ ရွှေ့ပြောင်းရေးအတွက် မြေဧက ၃၀ ကျော်ဖြင့် ကျေးရွာသစ်တည်ရန် ချပေးထာပြီး နေအိမ်အချို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။

“မြေက အရင်၂၀၁၇ ခုနှစ်က ပြောင်းတဲ့အိမ်တွေအတွက် အကွက်ရိုက်ပေးပြီးပြီ။ ဒီနှစ်ပြောင်းရတဲ့ အိမ်တွေအတွက် အကွက်မရိုက် အတည်မပြုသေးလို့ ဘယ်သူမှ မနေရဘူး။ ရေတိုက်စားလို့ ရွှေ့ထားတဲ့အိမ်တွေ အကုန်လုံးက ဖြစ်သလိုနေရတယ်။ တာဝန်ရှိသူတွေဆီကို အမြန်ဆုံး မြေနေရာ ချထားပေးဖို့ တောင်းဆိုထားတယ်။ ရေတက်ချိန်ဆိုတော့ ရွာမှာလည်း ရေဝင်ပြီး နေစရာမလွယ်ဘူး” ဟု အနောက်သီရိ ကျေးရွာသား တစ်ဦးက ဆိုသည်။

ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းရသူများအား ပခုက္ကူမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ နေအိမ်တစ်လုံးလျှင် ရွှေ့ပြောင်းစရိတ် တစ်သိန်းကျပ်၊ စားနပ်ရိက္ခာ တစ်ပတ်စာနှင့် ကယ်ဆယ်ရေးပစ္စည်း ကိုးမျိုးအား ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပခုက္ကူမြို့နယ် အနောက်သီရိကျေးရွာမှာ စိုက်ပျိုးမြေ အားလုံးနီးပါး ကုန်ဆုံးသွားသည့်အတွက် အများစုမှာ ကျပန်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရပြီး ကျေးရွာမှာ မြို့ပြနှင့် အလှမ်းကွာဝေးခြင်းကြောင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

ကမ်းပြိုမှု ဆက်လက်ဖြစ်ပေါ်နေခြင်း၊ မြစ်ရေစီးကြောင်းမှာ ကျေးရွာဆီသို့ ဦးတည်စီးဆင်းနေခြင်း၊ လူနေအိမ်များဆီသို့ မြစ်ရေတိုက်စားလာခြင်းနှင့် မြစ်အတွင်းရှိ မြေရင့် ကျွန်းကျေးရွာ ဖြစ်သည့်အတွက် ရွှေ့ပြောင်းရန် မြေနေရာ နည်းပါးခြင်းကြောင့် ကမ်းပြိုမှု ကြုံတွေ့ရသည့် နေအိမ်များအား ရေလွတ်ရာ ကုန်းတွင်းဘက်သို့ ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း၊ ယခုနှစ် ရေတက်ကာလတွင် ပခုက္ကူ မြို့နယ်တွင်းတွင် ကမ်းပြိုမှု ကြုံတွေ့ရသည့် ကျေးရွာနည်းပါးသော်လည်း ရေစကြိုမြို့နယ်တွင် ချင်းတွင်းနှင့် ဧရာဝတီ မြစ်ကမ်းဘေး ကျေးရွာအချို့မှာ ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

Most Read

Most Recent