ပြင်ဦးလွင်မြို့ မြေဧရိယာဧက ၃၀၀ ခန့်ရှိ ပိုးစာခြံသုံးခြံအား တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် နှစ် ၇၀ ငှားရမ်းထားမှုကို ခေတ်ကာလ ပေါက်ဈေးနှင့်အညီ ပြင်ဆင်ချုပ်ဆိုခြင်း၊ စာချုပ်ဖျက်သိမ်းခြင်း လုပ်ဆောင်ပေးနိုင်ခြင်း ရှိ၊ မရှိ မန္တလေးတိုင်း လွှတ်တော်တွင် မေးမြန်းခဲ့ရာ ယင်းစာချုပ်ပါ အချက်တချို့မှာ အစိုးရ အကူးအပြောင်းတွင် ပြင်ဆင်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရ

ပြင်ဦးလွင်မြို့ မြေဧရိယာဧက ၃၀၀ ခန့်ရှိ ပိုးစာခြံသုံးခြံအား တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် နှစ် ၇၀ ငှားရမ်းထားမှုကို ခေတ်ကာလ ပေါက်ဈေးနှင့်အညီ ပြင်ဆင်ချုပ်ဆိုခြင်း၊ စာချုပ်ဖျက်သိမ်းခြင်း လုပ်ဆောင်ပေးနိုင်ခြင်း ရှိ၊ မရှိ မန္တလေးတိုင်း လွှတ်တော်တွင် မေးမြန်းခဲ့ရာ ယင်းစာချုပ်ပါ အချက်တချို့မှာ အစိုးရ အကူးအပြောင်းတွင် ပြင်ဆင်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရ
Published 7 October 2018

ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲတို့က ငှားရမ်းထားသော ပိုးစာခြံ သုံးခုတို့သည် လက်ရှိမြေပြင်တွင် စာချုပ်ပါ စည်းကမ်းများနှင့် ကိုက်ညီခြင်းရှိ၊ မရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ပြင်ဦးလွင် မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက မေးမြန်းခဲ့ကြောင်း သိရှိရသည်။

အစိုးရ အကူးအပြောင်းကာလ ၁၇.၃. ၂၀၁၆ နေ့တွင် ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်အရ နိုင်ငံတော်၏ ညွှန်ကြားချက်နှင့် ကိုက်ညီ ခြင်းရှိမရှိ၊ ငှားရမ်းခဲ့သော ဈေးနှုန်းများသည် ခေတ်ကာလ ပေါက်ဈေးအရ အလွန်နည်းခြင်း၊ အချိန်ကာလ သတ်မှတ်ချက် အလွန်အမင်း ချုပ်ဆိုထားခြင်း၊ နိုင်ငံတော် အကျိုးကို မျက်နှာမမူဘဲ ပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခု အကျိုးကို မျက်နှာမူ ချုပ်ဆိုထားခြင်း စသည့်အချက်များအရ ငှားရမ်းစာချုပ်များကို ဖျက်သိမ်းခြင်း သို့မဟုတ် ခေတ်ကာလ ငှားရမ်းခတန်ဖိုး၊ အချိန်ကာလများကို ပြင်ဆင်ချုပ်ဆိုခြင်းများ လုပ်ဆောင်ပေးနိုင်ခြင်း ရှိ မရှိ ပြင်ဦးလွင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက မေးမြန်းခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ယင်းမှာ ပြည်ထောင်စု လွှတ်တော်နှင့်သာ သက်ဆိုင်၍ ပြည်ထောင်စုအဆင့်သို့ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ပိုးစာခြံသုံးခြံမှာ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၆) ကန်တော်ကြီးအနီးတွင် ရှိသော ဧရိယာ ၁၅၅ ဒသမ ၁၆ ဧက “ပိုးမျိုးဥနှင့် ပိုးစာခြံ”၊ ဧရိယာ ၁၆၉ ဒသမ ၈၈ ဧက အကျယ်ရှိ “ပိုးအိမ်ထုတ် ပိုးစာခြံ” နှင့် ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း ဒိုးကွင်ကျေးရွာ အနီးတွင်ရှိသော “ဒိုးကွင်ပိုးစာခြံ” ဧရိယာ ၅၂ ဒသမ ၀၀ ဧကတို့ ဖြစ်ကြောင်း သိရသည်။

ယင်းတို့အနက် ပိုးမျိုးဥနှင့် ပိုးစားသုတေသနခြံ ဧရိယာ ၁၅၅ ဒသမ ၁၆ ဧကမှ ဧက ၁၀၀ အား ကုမ္ပဏီတစ်ခုသို့ တစ်နှစ်ချင်း စာချုပ်ချုပ်ဆိုသော စနစ်ဖြင့် ကနဦး ငါးနှစ်ငှားရမ်းပြီး  အငှားချထားသူ၏ အတည်ပြုချက်ဖြင့် သက်တမ်း တစ်ကြိမ်လျှင် ငါးနှစ်သက်တမ်း သုံးကြိမ်တိုးရန် ချုပ်ဆိုခဲ့သော်လည်း အစိုးရ အကူးအပြောင်းကာလ ၁၇.၃.၂၀၁၆ ရက်တွင် စာချုပ်အား ပြင်ဆင်ချုပ်ဆိုခဲ့ပြီး ငှားရမ်းခြင်း ကာလ နှစ် ၅၀ သက်တမ်း တိုးလိုပါက တစ်ကြိမ်လျှင် ၁၀ နှစ် သက်တမ်း နှစ်ကြိမ် တိုးနိုင်သည်ဟု ပြင်ဆင်ချုပ်ဆိုခဲ့သည်။ ငှားရမ်းခမှာ တစ်နှစ်လျှင် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် ကျပ်သိန်း ၁၀၀ သာ ပေးဆောင်ချုပ်ဆိုထားကြောင်း တွေ့ရှိရသည်။

ထို့အတူ ၎င်းနှင့်တစ်ဆက်တည်းရှိသော ပိုးအိမ်ထုတ်ပိုးစာခြံ ၁၆၉ ဒသမ ၈၈ ဧက အနက် ၁၁၂ ဧကကိုလည်း နှစ် ၂၀ သဘောတူစာချုပ် ချုပ်ဆိုငှားရမ်းထားပြီး မြေပြင်တွင် စာချုပ်ပါ စည်းကမ်းများအတိုင်း အပြည့်အ၀ အကောင်အထည်ဖော်ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၏ မေးမြန်းချက်အရ သိရသည်။

ဒိုးကွင်ပိုးစာခြံ ၅၂ ဧကအနက် ၄၁ ဧကအား ငှားရမ်းစာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီမှာလည်း ယင်းမြေပေါ်တွင် ယူကလစ်စိုက်ပျိုးမှုသာရှိကြောင်း တွေ့ရသည်။ ယင်းမြေဧရိယာ သုံးနေရာသည် ပြင်ဦးလွင်မြို့ရှိ နာမည်ကြီးခဲ့သော ပိုးစာချည်မျှင်စက်ရုံ၏ အဓိကကုန်ကြမ်း ထွက်ရှိရာ ပိုးစာစိုက်ခင်းများဖြစ်ပြီး ယခုကဲ့သို့ မြေပြင်တွင် စာချုပ်ပါ စည်းကမ်းများအတိုင်း အကောင်ထည်ဖော် ဆောင်ရွက်ခြင်းရှိ မရှိ စစ်ဆေးပေးရန် တင်ပြခြင်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်း မကိုက်ညီပါက စာချုပ်ဖျက်သိမ်းခြင်း၊ ခေတ်ကာလ ပေါက်ဈေးနှင့်အညီ ပြင်ဆင်ချုပ်ဆိုခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့မဟုတ် တိုင်းဒေသကြီး အစိုရအဖွဲ့က ပြန်လည်စီမံ ဆောင်ရွက်ပေးစေလိုကြောင်း ဦးအောင်မင်းက ပြောကြားသည်။

“အရင်က ဘယ်ကို ငှားရမ်းထားသလဲဆိုတာ မြို့ခံတွေလည်း မသိကြဘူး။ အခုရွေးကောက်ပွဲပြီး အစိုးရပြောင်းတဲ့ အခါမှ စိုက်ခင်းတွေထဲကို ငှားရမ်းထားသူတွေက အဆောက်အအုံတွေ ဆောက်တာ၊ ဝင်ရောက် လုပ်ကိုင်လာကြတာ တွေ့ရတယ်။ ဘယ်သူဘယ်ဝါ ဆိုတာထက် ငှားရမ်းလုပ်ကိုင်ခွင့်ကို ဒေသခံတွေက ပွင့်လင်းမြင်သာစွာ သိလိုကြတယ်။ ဒါကြောင့် မေးမြန်းတာပါ။ ဒါကို ပြည်ထောင်စုအဆင့်ကို လွှဲပြောင်းတဲ့အတွက် ဆက်လက် မေးမြန်းသွားမှာပါ” ဟု ဦးအောင်မင်းက ပြောကြားသည်။

 

Most Read

Most Recent