အင်းစိန်မြို့နယ်တွင် ဆရာဝန်အား ဓားဖြင့် ထိုးသတ်မှု၌ ယခင် စကားများ ရန်ဖြစ်ရာမှ ထောင်ကျခဲ့သည်ကို မကျေနပ်၍ သတ်ခဲ့ခြင်းဖြစ်

အင်းစိန်မြို့နယ်တွင် ဆရာဝန်အား ဓားဖြင့် ထိုးသတ်မှု၌ ယခင် စကားများ ရန်ဖြစ်ရာမှ ထောင်ကျခဲ့သည်ကို မကျေနပ်၍ သတ်ခဲ့ခြင်းဖြစ်
Published 6 October 2018

အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှာ ယခင်စကားများရန်ဖြစ်ရာမှ ထောင်ကျခဲ့မှုကို မကျေနပ်၍ ဆေးခန်းအတွင်းသို့ဝင်ကာ ဆရာဝန်အား ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု ကျူးလွန်သူ ထွက်ဆိုခဲ့ ကြောင်း အောက်တိုဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ယင်းဖြစ်စဉ်မှ သေဆုံးသူ ဒေါက်တာထွန်းလွင်နှင့် ၎င်းအား ဆေးခန်းအတွင်းသို့ဝင်ပြီး ဓားဖြင့် ထိုးသတ်ခဲ့သူ ဘိုဘို (ခ)လွင်ဘိုဘိုကျော် (၃၃ နှစ်) မှာ ယခင်က စကားများရန်ဖြစ်ခဲ့ဖူးကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာထွန်းလွင်မှာ ဘိုဘို (ခ)လွင်ဘိုဘိုကျော် (၃၃နှစ်) အား အမှုဖွင့်တရားစွဲဆိုခဲ့သဖြင့် ဘိုဘို (ခ) လွင်ဘိုဘိုကျော် (၃၃ နှစ်) မှာ ထောင်တစ်လ ကျခဲ့ဖူးကြောင်း ကျူးလွန်သူ၏ ထွက်ဆိုချက်အရ သိရသည်။

ဘိုဘို (ခ) လွင်ဘိုဘိုကျော်အား အောက်တိုဘာ ၅ ရက်တွင် အင်းစိန်မြို့နယ်တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက်၊ ည ၆ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ သရက်ခြံလမ်းနေ ဒေါက်တာထွန်းလွင်သည် ၎င်း၏ ဆေးခန်းတွင် လူနာများအား ဆေးကုသနေစဉ် တစ်ရပ်ကွက်တည်းနေ ဘိုဘို (ခ) လွင်ဘိုဘိုကျော်မှာ ဆေးခန်းအတွင်းသို့ ဝင်၍ ဒေါက်တာထွန်းလွင်အား ဓားဖြင့် ဝင်ထိုးခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ ဓားဖြင့်ထိုးသူ ဘိုဘို (ခ) လွင်ဘိုဘိုကျော်အား အခင်းဖြစ်ပွားသည့်နေ့ ည ၉ နာရီ ကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent