အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ပုပ္ပားဒေသတွင် ပြုလုပ်မည်

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ပုပ္ပားဒေသတွင် ပြုလုပ်မည်
Published 6 October 2018

NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေး၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်စဉ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအဝေးအား မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပားဒေသဘက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ခေါင်းဆောင်တွေချည်းပဲပါတဲ့ သီးသန့်အစည်းအဝေးတစ်ရပ်လုပ်မယ်။ ဆွေးနွေးကြတော့ တနင်္သာရီတိုင်းမှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ့။ အဲဒီသွားလုပ်မလား။ နောက် ပြည်နယ်တွေမှာဆိုရင် ပြည်နယ်တွေ ရွေးပြန်ရင်လည်း တိုင်းရင်းသားလူမျိုးစုတွေက ဘယ်ပြည်နယ်၊ ဘယ်ပြည်နယ်တွေ ဖြစ်လာနိုင်တယ်ဆိုတော့ ကျွန်တော်တို့က တိုင်းဒေသကြီးတွေ ဦးစားပေးပြီးတော့ လိုက်ကြည့်ပါတယ်။ ကြည့်ပြီးတော့ ရွေးလိုက်တာကတော့ အခုလည်းသတင်းတွေမှာလည်း ပါနေပြီပေါ့။  ပုပ္ပားမှာကျွန်တော်တို့လုပ်မယ်။ လုပ်တဲ့ဟာက မကြာခင်အချိန်မှာလုပ်မယ်။ လုပ်တဲ့အချိန်မှာအဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အစိုးရနဲ့ တပ်မတော်နဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လည်း ဒီအပေါ်မှာ တော်တော်လေး လှိုက်လှိုက်လှဲလှဲလဲရှိတယ်။ ကြိုဆိုတယ်။ အဲဒီတော့ ဒီပွဲကိုတပ်ချုပ်ကိုယ်တိုင်တက်မယ်။ အစိုးရဘက်ကဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်မယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အောက်တိုဘာ ၅ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသည် သမိုင်းဝင် တွေ့ဆုံပွဲဖြစ်လာမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

“ဒီအဖြစ်အပျက်က ဗမာပြည်သမိုင်းမှာ မရှိသေးဘူးလေ။ဒါ ပထမဆုံးအကြိမ် ထိပ်သီးစားပွဲဝိုင်း ဆွေးနွေးပွဲပဲ။ ဒါကိုတော့ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်စုံစုံ စီစဉ်မယ်လို့ ယူဆပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ဖက်ဒရယ်အခြေခံမူများရရှိရေးအတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်သော အဓိကအချက်ဖြစ်ရာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် အောင်မြင်ရေး၊ဖက်ဒရယ်အခြေခံမူများ ရရှိရေး ထိုသို့သော အခြေအနေတွင် တိုင်း ရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်နိုင်သော အခြေအနေမျိုးကို ဖန်တီး ပေးရန် လိုအပ်နေသည်ဟု ၎င်းင်းက ဆက် လက်ပြောကြားသည်။

ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သွားဖွယ်ရှိပြီး  ယင်းနေ့သည် NCA ရေးထိုးခြင်း သုံးနှစ်ပြည့် နှစ်ပတ်လည်လည်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါအချက်များ ရရှိရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များအားလုံးက နည်းလမ်းရှာဖွေသွားကြမည်ဖြစ်ပြီး ယခုကဲ့သို့သော ထိပ်သီးအစည်းအဝေးအား ပုံမှန်ခေါ်ယူမည် သို့မဟုတ် အခါအားလျော်စွာ ခေါ်ယူမည် ဆိုသည်ကို ယခုအစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent