စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်ဆီ၊ တရုတ်ဆီ၊ စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုများကို စီမံချက်ရေးဆွဲ၍ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း တိုင်းလူမှုရေးဝန်ကြီး ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်ဆီ၊ တရုတ်ဆီ၊ စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုများကို စီမံချက်ရေးဆွဲ၍ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း တိုင်းလူမှုရေးဝန်ကြီး ပြောကြား
Published 6 October 2018

ကသာမြို့နယ်အတွင်းသို့ တရားမဝင်ဆီ၊ တရုတ်ဆီ၊ စားအုန်းဆီများ ဝင်ရောက်လာမှုကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင်ဆီ၊ တရုတ်ဆီ၊ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချနေမှုများကို စီမံချက်ရေးဆွဲကာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း၊ ဝင်ငွေနည်းပါးကြောင့် ဈေးချိုသည့်ဆီများကို ပြည်သူများက ဝယ်ယူစားသုံးနေကြပြီး စားသုံးသူရှိသည့်အတွက် ယင်းကဲ့ သို့ တရားမဝင်ဆီများသည် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းက ဆိုသည်။

အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမမြောက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်ဆီ၊ တရုတ်ဆီ၊ စားအုန်း ဆီများ ဖြန့်ဖြူးရောင်းချနေမှုများကို စီမံချက်ချမှတ်ပြီး အရေးယူစိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ ကသာမြို့နယ်မဲဆန္ဒနယ်မြေ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၏မေးမြန်းမှုအပေါ် လွှတ်တော်အပြီးမှာ ၎င်းက ယင်းကဲ့သို့ပြောကြားသည်။

“အဓိကတော့စားသုံးသူတွေရှိနေတဲ့အတွက် ဝင်လာတာပဲ။ ဝင်ငွေနည်းပါးကြတော့ ဈေးချိုတဲ့ပစ္စည်းကို ဝယ်ပြီးတော့စားကြတာ။ အဓိကတော့ ဝိသမလောဘသားတွေ ရဲ့ ကိုယ်ကျိုးရှာမှုတွေကြောင့် မဖြစ်သင့်တဲ့ ရောဂါတွေ မသေသင့်ဘဲနဲ့သေကြတာတွေ၊ မအိုသင့်ဘဲနဲ့ အိုကုန်ကြတယ်။ အမှန်တော့ ကိုယ်ကျိုးရှာကြတဲ့ စီးပွားရေးသမားတွေက အဓိကပါ။ ဒါတွေနဲ့ပတ်သက်လို့ ကျွန်တော် စီမံကိန်းတွေ ရေးဆွဲပြီးတော့ အကောက်ခွန်ကော၊ အထွေထွေအုပ်ချုပ်ရေးကော၊ စည်ပင်ကော၊ စားသုံးသူရေးရာ ကာကွယ်ရေးအသင်း တွေကော၊ FDA ကော ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီး ပြည်သူကပါပူးပေါင်းပြီးတော့ ဒီကိစ္စကို မဖြစ်မနေ ဖမ်းဆီးအရေးယူဖို့ အစီအစဉ်ရှိပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာ ဇော်ဝင်း က ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် တရားမဝင် တရုတ် ဆီခေါ် ကန်ဆီများ ဝင်ရောက်နေမှုသည်လွန်ခဲ့သည့် ရှစ်နှစ်ကျော် ကိုးနှစ်လောက် ရှိနေပြီဖြစ်ကြောင်း၊ ယင်းတရားမဝင် တရုတ်ဆီခေါ် ကန်ဆီများ ဝင်ရောက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထိန်းချုပ်မှု မရှိကြောင်း ကသာမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ဆိုသည်။

“ဒီတရုတ်ဆီခေါ် ကန်ဆီတွေဟာ ဘာထောက်ခံချက်မှလည်း မပါဘူး။ ဘာတံဆိပ်မှလည်း မပါဘူး။ ဒီဆီတွေဟာ ကျွန်တော်တို့ မြို့နယ်တွေထဲကို ဝင်ရောက်နေတယ်။ပြည်သူ့ကျန်းမာရေးကို ထိခိုက်တယ်။ အခုပြည်သူ့ဆေးရုံကြီးတွေမှာ လူနာတွေများနေတာဟာ ဒီတရားမဝင်ဆီတွေနဲ့ အကျိုးသက်ရောက် မှုတွေလည်း အများကြီးပါပါတယ်။ ဒီဆီတွေစားကြရင် ရောဂါတွေ အများကြီးရလာမယ်။ပြည်သူတွေကလည်း ဈေးနည်းတဲ့ဆီကိုပဲ ဝယ်ပြီးတော့ စားသုံးနေကြတယ်။ ဒါကို အခွင့်အကောင်းယူပြီးတော့မှ တရားမဝင် တရုတ်ဆီတွေကို တင်သွင်းနေခြင်းဟာ ရေရှည်မှာ ကောင်းတဲ့ရလဒ်မဟုတ်ဘူးလို့ ကျွန် တော်မျှော်လင့်ပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားတယ်နေမယ်ဆိုရင်တော့ ပြည်သူ့ကျန်းမာရေးဟာ ရင်လေးစရာဖြစ်ပါတယ်” ဟု ဦးညီညီထွန်းက ပြောကြားသည်။

Most Read

Most Recent