အမြင့်ဆုံး ဆုကြေးငွေ ကျပ်သိန်းပေါင်း ၁၅၀၀၀ အထိ တိုးထားသော ကျပ်တစ်ထောင်တန် ထီလက်မှတ်များ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ရောင်းချနိုင်ရန် ဆောင်ရွက်နေ

အမြင့်ဆုံး ဆုကြေးငွေ ကျပ်သိန်းပေါင်း ၁၅၀၀၀ အထိ တိုးထားသော ကျပ်တစ်ထောင်တန် ထီလက်မှတ်များ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ရောင်းချနိုင်ရန် ဆောင်ရွက်နေ
Published 5 October 2018

အမြင့်ဆုံး ဆုကြေးငွေ ကျပ်သိန်းပေါင်း ၁၅၀၀၀ အထိ တိုးထားသည့် ကျပ် ၁၀၀၀ တန် ထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ရောင်းချနိုင်ရေး ဆောင်ရွက်နေဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် အောက်တိုဘာ ၄ ရက်က ပြု လုပ်သည့် ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ရှင်းလင်းသည့် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလလောက်ကစပြီး ၁၀၀၀ တန် အောင်ဘာလေထီ ရောင်းဖို့ မျှော်လင့်ထားပါတယ်။ အဲဒီလို အောင်ဘာလေထီ ရောင်းဖြစ်သွားလို့ရှိရင်တော့ နိုင်ငံတော်က အခွန်ရရှိမှု တိုးတက်လာမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေ အမြဲထောက်ပြနေတဲ့ ပြင်ပမှာ ထီးဈေးကြီးတယ် ဆိုတဲ့ကိစ္စ အထိုက်အလျောက် လျော့ကျသွားမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

ထီတစ်စောင် ကျပ် ၁၀၀၀ ပြောင်းလဲသကဲ့သို့ ဆုကြေးငွေကိုလည်း တိုးမြှင့်မည် ဖြစ်ကြောင်း၊ အကြီးအကဲများ၏ လမ်းညွန်ချက်အရ အခြားဆုအရေအတွက်ကိုလည်း တိုးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

“၁၀၀၀ လုပ်လိုက်ရင် ဆုကြေးမှာလည်း အကြီးအကဲတွေရဲ့ ပုံစံကတော့ အားလုံး သဘောတူညီမှုနဲ့ လုပ်တာပါ။ ပြည်သူတွေက ဘာပဲဖြစ်ဖြစ် ထီပေါက်တယ်ဆိုတဲ့ အရသာကို ခံစားချင်တယ်။ အဲဒီအတွက်ကြောင့် လူကြီးတွေက ပြောတာတော့ အမြင့်ဆုံးဆုပေါ့။ First Winner Prize ကို သိန်း ၁၅၀၀၀ လုပ်မယ်။ ကျန်တာတွေကို အသေးတွေလည်း အများကြီးလုပ်ပါ။ အဲဒီအခါကျရင် ပြည်သူတွေ က ထီထိုးရင် ပေါက်နိုင်ခြေ များလို့ရှိရင် ပိုပြီးတော့ စိတ်ဝင်စားတယ်။ နောက်တစ်ခုက နည်းတာများတာ မဟုတ်ဘူး။ ထီပေါက်တယ်ဆို ပျော်တာပေါ့လေ။ ဒါမျိုးလည်း လုပ်ပါဆိုတော့ လုပ်တာပါ။ တကယ်လို့ ၁၀၀၀ လည်း ပြောင်းလိုက်ပြီ။ အလုံးရေကလည်း အခုလိုမျိုး ၅၀ တို့ ဘာတို့ ထုတ်နိုင်မယ် ဆိုလို့ရှိရင်တော့ ပေါက်မဲကလည်း မှန်းကြည့်တာ နှစ်ဆလောက် တက်သွားမယ်။ အခု တစ်သိန်းခွဲလောက် ပေါက်မဲ အလုံးရေ တစ်သိန်းခွဲ ရှိတယ်ဆိုရင် အဲဒီကျရင် သုံးသိန်းလောက် ဖြစ်သွားမယ်။ ဒါမျိုး ကြိုးစားနေပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

ကျပ် ၂၀၀ တန် ထီလက်မှတ် ရောင်းချစဉ်က အခွန်ရရှိမှု ကျပ်ဘီလျံ ၄၀ ခန့်သာ အများဆုံးရခဲ့ပြီး ကျပ် ၅၀၀ တန်ထီ လက်မှတ်တွင် ဘီလျံ ၁၀၀ ခန့် တိုးလာကြောင်း ၎င်းက ပြောကြားသည်။

အစိုးရအနေဖြင့် ထီဈေးနှုန်းကို ကျပ် ၁၀၀ ဖြင့် ရောင်းစဉ်က ပြင်ပရောင်းဈေးသည် ကျပ် ၂၀၀ ဖြင့် ၁၀၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကျပ် ၂၀၀ ဖြင့် ရောင်းချစဉ်က ပြင်ပရောင်းဈေး ကျပ် ၃၅၀ ဖြင့် ၇၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ကျပ် ၅၀၀ ဖြင့် ရောင်းစဉ်က ပြင်ပရောင်းဈေးသည် ကျပ် ၆၅၀ နှင့် ကျပ် ၇၀၀ ဖြင့် ၃၀ နှင့် ၃၅ ရာခိုင်နှုန်း စသည်ဖြင့် ရောင်းကြသည့်အတွက် ပြင်ပရောင်းဈေးသည် ရာခိုင်နှုန်းအားဖြင့် ကျလာသောကြောင့် ကျပ် ၁၀၀၀ ဖြင့်ရောင်းပါက ပြင်ပဈေးတင်ရောင်းသည့် ရာခိုင်နှုန်း ပိုကျလာမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

ထို့ပြင် နောင်တွင်လည်း အာဆီယံနိုင်ငံများ ဈေးနှုန်းနှင့်ချိန်ပြီး ထီတစ်စောင်ကို ကျပ် ၄၀၀၀ ခန့်အထိ ရောင်းချရန် မျှော်မှန်းထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

Most Read

Most Recent