ဘင်္ဂါလီမွတ်စလင်ခုနစ်ဦး၏ နေထိုင်ခွင့်ကို အိန္ဒိယအထက်တရားရုံးက ပယ်ချခဲ့ပြီးနောက် ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်ပို့

ဘင်္ဂါလီမွတ်စလင်ခုနစ်ဦး၏ နေထိုင်ခွင့်ကို အိန္ဒိယအထက်တရားရုံးက ပယ်ချခဲ့ပြီးနောက် ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်ပို့
Published 5 October 2018

ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင် ခုနစ်ဦး၏ နေထိုင်ခွင့်ကို အောက်တိုဘာ ၄ ရက်တွင် အိန္ဒိယအထက်တရားရုံးက ပယ်ချခဲ့ပြီးနောက် ၎င်းတို့၏ မူရင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၃ ရက်တွင် အဆိုပါ ရွှေ့ပြောင်းအခြေချလာသူများသည် အာသံပြည်နယ် ဆယ်ချားမြို့မှ ထွက်ခွာလာခဲ့ပြီး အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မဏိပူရပြည်နယ် မိုရေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံက ၎င်းတို့အား နိုင်ငံသားများအဖြစ် လက်ခံရန် အသင့်ရှိကြောင်း အိန္ဒိယတရားရုံးသို့ အသိပေးခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်း လုပ်ငန်းစဉ်ကို မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ၌ ပြုလုပ်မည်ဟုဆိုသည်။ လုပ်ငန်းစဉ်အရ အာသံပြည်နယ် ရဲတပ်ဖွဲ့က မြန်မာဘက်ခြမ်း နယ်စပ်သို့သွားကာ ၎င်းတို့အား ပြန်လည်လက်ခံမည်လားဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။

လွှဲပြောင်းပေးမည့် ဘင်္ဂါလီမွတ်စလင် ခုနစ်ဦးမှာ မိုဟာမက်အီနူး၊ မိုဟာမက်ဆာဘာ အာမက်၊ မိုဟာမက်ဂျာမော၊ ဆလမ်း၊ မိုဟာမက် မက်နူးခန်း၊ မိုဟာမက်ရိုဟင်မက်ဒင်းနှင့် မိုဟာမက်ဂျာမောဟူစိန်တို့ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် အိန္ဒိယနိုင်ငံသို့ ၂၀၁၂ ခုနှစ်ကတည်းက ရောက်ရှိနေကြသူများဖြစ်ပြီး တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် ထောင်ဒဏ်များ ကျခံခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသော တရားမဝင် ရွှေ့ပြောင်းလာသူများအနက် တစ်ဦးက ၎င်းအနေဖြင့် အိန္ဒိယနိုင်ငံမှ ထွက်ခွာလာရသည်ကို ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံကနေ အိန္ဒိယကို ကျွန်တော်တို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုပြန်သွားရမှာကို ကျွန်တော် ပျော်ပါတယ်” ဟုလည်း အိန္ဒိယတွင် ခြောက်နှစ်နှင့် ခြောက်ရက် နေထိုင်ခဲ့ပြီးသည့် အခြားရွှေ့ပြောင်းအခြေချသူ တစ်ဦးကလည်း ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင် ခုနစ်ဦးကို ပြန်ပို့ရေးနှင့် ပတ်သက်၍ အရေးပေါ် စစ်ဆေးကြားနာမှု ပြုလုပ်ခဲ့ရာတွင် “သူတို့ကို တရားမဝင် ရွှေ့ပြောင်းအခြေချလာသူတွေအဖြစ် တွေ့ရှိရပြီး သူတို့ရဲ့ မူရင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက သူတို့ကို မြန်မာနိုင်ငံသားတွေအဖြစ် အသိအမှတ်ပြုလိုက်ပါတယ်” ဟု တရားရုံးက ဆိုသည်။

အောက်တိုဘာ ၃ ရက်က အထက်တရားရုံး၌ အယူခံလွှာကို ကြားနာခဲ့ပြီးနောက် အာသံပြည်နယ် ဆယ်ချားအကျဉ်းထောင်၌ ထိန်းသိမ်းထားသည့် ဘင်္ဂါလီမွတ်စလင်ခုနစ်ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသို့ ဒုက္ခသည်များအဖြစ် ဝင်ရောက်လာသူများသည် ဂျန်မူး၊ ဟိုက်ဒါရာဘတ်၊ ဟာရာနာ၊ အတ္တာပရာဒေ့ရှ်၊ ဒေလီ- NCR နှင့် ရာဇာစသန်တို့တွင် အခြေချခဲ့ကြသည်။

သို့သော် ဘင်္ဂါလီမွတ်စလင်များကို တရားမဝင် ရွှေ့ပြောင်းအခြေချလာသူများဟုလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်လည်းကောင်း သတ်မှတ်သည့် အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ဝေဖန်ခဲ့သည်။ ကုလသမဂ္ဂက အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့အား အတင်းအဓမ္မ ပြန်ပို့ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ပြောကြားခဲ့သည်။

၎င်းတို့၏ စစ်ဆင်ရေးသည် အကြမ်းဖက်သမားများကို နှိမ်နင်းရန်အတွက်ဟု အခိုင်အမာ ပြောကြားလျက် မြန်မာတပ်မတော်က မမှန်မကန်လုပ်သည်ဟူသည့် စွပ်စွဲမှုအားလုံးနီးပါးကို ငြင်းဆိုထားသည်။

“သူတို့ကို တိုင်းရင်းသားလူမျိုးလို့ အသိအမှတ်ပြုသင့်ပါတယ်။ ဒါဟာ သူတို့ရဲ့ ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုတာဖြစ်ပြီး သူတို့ကို နှိပ်ကွပ်တဲ့ နိုင်ငံကို အတင်းအကျပ် ပြန်ပို့ခြင်းမည်ပါတယ်” ဟု လူမျိုးရေးခွဲခြားမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တန်ဒါယီ အက်ချူးမီက ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများက နယ်စပ်လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့မှုအား တုံ့ပြန်သောအားဖြင့် လွန်ခဲ့သည့် တစ်နှစ်နီးပါးအကြာက မြန်မာတပ်မတော်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ရပ်ကြောင့် ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ကျော်သည် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြသည်။ ယင်းကိစ္စကို ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ဟူ၍ အမည်တပ်ခဲ့သည်။

Ref: Firstpost

Most Read

Most Recent