တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းထံ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အကြောင်းပြန်

တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းထံ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အကြောင်းပြန်
Published 5 October 2018

စက်တင်ဘာ ၂၄ ရက်က တာမွေမြို့နယ်တွင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ပိုစတာ စိုက်ထူနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကို အသုံးပြု မဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်းအကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကိုအသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးမျိုးဝင်းကျော်ထံ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက အောက်တိုဘာ ၂ ရက် နေ့စွဲဖြင့် အကြောင်းပြန်ထားကြောင်း သတင်းရရှိသည်။

ထိုသို့ ကန့်ကွက်ထားမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ NLD နှင့် ပြည်ခိုင်ဖြိုးပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းနှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း အပြီးသတ် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ခြင်းမရှိဘဲ ယခုကဲ့သို့ အရှေ့ပိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက လက်မှတ်ရေးထိုး အကြောင်းကြားစာ ပြန်လည်ပေးပို့လာခြင်း ဖြစ်သည်။

“သူတို့က ဘာအချက်အလက်မှ မပါဘူး။ အဲဒါပဲ ပါတယ်။ ဘယ်ဟာနဲ့ ကိုးကားပြီးတော့ ပြောတယ်ဆိုတာလည်း မပါဘူး။ ကျွန်တော်လည်း စဉ်းစားရခက်နေတယ်။ ဘာနဲ့ဆက်စပ်မှုမရှိဘူးဆိုတဲ့ ထုတ်ပြထားတဲ့ အချက်လည်း မပါဘူး” ဟု ပြည်ခိုင်ဖြိုးပါတီ တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကျော်က ပြောကြားသည်။

အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ အကြောင်းပြန်ကြားစာတွင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် နိုင်ငံတော်အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်ကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံပိုစတာကြီးများဖြင့် ပြည်သူများအား မဲဆွယ်စည်းရုံးခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၄ အရသော်လည်းကောင်း၊ ပုဒ်မ ၂၃၂(ဋ) အရ သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ (ည) အရသော်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းအကူအညီ ရယူရာရောက်ပါသဖြင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလအတွင်း မဲဆွယ်စည်းရုံး လှုံ့ဆော်မှုသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိဘဲ တည်ဆဲဥပဒေများကို ဆန့်ကျင်ချိုးဖောက်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က စာများဖြင့် ကန့်ကွက်တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်းပြီး တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးမျိုးဝင်းကျော် ကန့်ကွက်တင်ပြထားသော အချက်များနှင့် ပတ်သက်၍ ဥပဒေပညာရှင်များပါဝင်သည့် အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ သြဇာတိက္ကမရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ သဘောထားသုံးသပ်ချက်များအရ ‘ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း’ ဆုံးဖြတ်ခဲ့ကြကြောင်း တင်ပြလာကြောင်း၊ အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့်လည်း တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ သဘောထား သုံးသပ်ချက်များသည် မှန်ကန်မှုရှိကြောင်းနှင့် နိုင်ငံတော်အကျိုးဆောင်ရွက်ရန် ရည်ရွယ်ထားသူများ အနေဖြင့် မိမိတို့၏ မဲဆွယ်စည်းရုံးမှုလုပ်ငန်းများကို လွတ်လပ်ခြင်း၊ တရားမျှတခြင်းတို့နှင့်အတူ အေးချမ်းစွာ ဆောင်ရွက်ကြရန်ှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးပူးပေါင်း ပါဝင်ပေးရန်ဟုဆိုကာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့၏ အကြောင်းပြန်ကြားစာတွင် ရေးသားထားသည်။

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းက ကန့်ကွက်ရာတွင် ရည်ညွှန်းထားသည့် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများနှင့် သက်ဆိုင်သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ (ည)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့တစ်ဦးဦး၏ သဘောတူညီချက်အရ အခြားသူတစ်ဦးကဖြစ်စေ လွှတ်တော်ကိုယ်စားလောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် အကူအညီကို ဝန်ထမ်းတစ်ဦးဦးထံမှ ရယူခြင်း၊ ရယူရန်အားပေးကူညီခြင်း သို့မဟုတ် ရယူရန် အားထုတ်ခြင်းဟု ပြဋ္ဌာန်းထားသည်။

Most Read

Most Recent