မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဖမ်းဆီးထားသူ အမျိုးသမီးအား ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဖမ်းဆီးထားသူ အမျိုးသမီးအား ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူ
Published 5 October 2018

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဖမ်းဆီးထားသူ အမျိုးသမီးအား အောက်တိုဘာ ၄ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-သီဟအောင်)

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဖမ်းဆီးထားသူ အမျိုးသမီးအား အောက်တိုဘာ ၄ ရက်တွင် ရုံးထုတ်ရမန်ယူခဲ့ကြောင်း သိရသည်။

ဖမ်းဆီးထားသူ မလင်းလင်းခိုင် (၃၉) နှစ်အား အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းတွင် မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရမန်ယူခဲ့ခြင်း ဖြစ်သည်။

ယင်းရုံးချိန်းသို့ ဖမ်းဆီးခံထားရသူ မလင်းလင်းခိုင်၏ မိသားစုဝင် အချို့နှင့် ၎င်းအမှုအား လိုက်လံကူညီပေးနေသူများ လာရောက်ခဲ့သည်။

“ဒီနေ့က ဒုတိယအကြိမ် ရမန်ယူတာပါ။ ရုံးချိန်းကို လာမည့် ၁၇ ရက်ကို ပြန်ချိန်းဆိုထားပါတယ်။ အဲ့ဒီနေ့ကတော့ အရှေ့ပိုင်းခရိုင် တရားရုံးမှာ စတင်တရားစွဲဆိုမှာပါ” ဟု ဖမ်းဆီးခံထားရသူ မလင်းလင်းခိုင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

ထို့ပြင် မလင်းလင်းခိုင် အမှုရင်ဆိုင်နေစဉ် လိုအပ်သည်များကို အသုံးပြုရန် ဘဏ်အကောင့်တစ်ခု ဖွင့်ပေးထားပြီး အဆိုပါ အကောင့်အတွင်းမှ ငွေများအား အနုပညာရှင် ကိုနိုင်ဇော်က ဦးစီးကြီးကြပ်မှုများ ပြုလုပ်နေကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ဆိုသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းရှိ တည်းခိုခန်းတစ်ခုသို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး တည်းခိုခန်းလေးလွှာရှိ အခန်းတစ်ခန်းကို ငွေကျပ် ၆၀၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီခန့်တွင် အမျိုးသမီးက အခန်းအတွင်းမှ ထွက်လာပြီး တည်းခိုခန်းကောင်တာရှိ မန်နေဂျာထံတွင် အခန်းခ
ကျပ် ၆၀၀၀ အားပေးချေကာ ထွက်သွားခဲ့ကြောင်း၊ တည်းခိုခန်းမန်နေဂျာက အခန်းအားရှင်းရန်အတွင်းသို့ကြည့်စဉ် အမျိုးသားမှာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားနေချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်သည့် အသံအများ၊ အော်ဟစ်သည့်အသံများကြားရခြင်း မရှိကြောင်းလည်း သိရသည်။

အလောင်းအား စစ်ဆေးရာ သေဆုံးသူမှာ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ရင်ညွန့်တွင်ထိုးသွင်း ဒဏ်ရာတစ်ချက် ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ၎င်းနှင့်အတူလာပြီး ပြန်လည်ထွက်သွားသည့် ကျူးလွန်သူအမျိုးသမီးကို CCTV မှတ်တမ်းများမှာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျုးလွန်သူ မလင်းလင်းခိုင်အား စက်တင်ဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံး၌ ပထမအကြိမ် ရမန်ယူခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားအား မလင်းလင်းခိုင် သတ်ခဲ့ရခြင်းမှာ ၎င်းအားလူပျိုဟု လိမ်လည်ပြောဆို ပေါင်းသင်း၍ မြဝတီမြို့တွင် တစ်ဦးတည်း စွန့်ပစ်ထားခဲ့မှုကြောင့် နာကြည်းစိတ်ဖြင့် တည်းခိုခန်းတွင်ချိန်းကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent