သေနတ်ဖြင့် ပစ်သတ်မှု အပါအဝင် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသတ်မှု ၁၆ မှုဖြစ်ပွား

သေနတ်ဖြင့် ပစ်သတ်မှု အပါအဝင် စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လူသတ်မှု ၁၆ မှုဖြစ်ပွား
Published 4 October 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာတွင် သေနတ်ဖြင့် ပစ်သတ်မှု အပါအဝင် လူသတ်မှု ၁၆ မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

စက်တင်ဘာလအတွင်း  လှိုင်သာယာမြို့နယ်တွင် လူလေးဦးက အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့အား အခင်းဖြစ်ပွားသည့်နေ့၌ပင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာအတွင်း ထန်းတပင်မြို့နယ်တွင် ဖခင်ဖြစ်သူအား သားမှ သတ်မှု၊ ကော့မှူးမြို့နယ်တွင် စတိုးဆိုင်မှအလုပ်သမားနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှု၊ တိုက်ကြီးမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦးစကားများရန်ဖြစ်ရာမှ ခင်ပွန်းအား ဇနီးဖြစ်သူက ကတ်ကြေးဖြင့် ထိုးသတ်မှု စသည့် လူသတ်မှုအချို့ဖြစ်ပွားခဲ့သည်။

စက်တင်ဘာတွင် လုယက်မှုနှစ်မှု၊ မုဒိမ်းမှု ၂၁ မှုဖြစ်ပွားခဲ့ပြီး အမှုကြီးပေါင်း ၃၉ မှုဖြစ်ပွားခဲ့သည်။

ထို့ပြင် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကိုယ်ပိုင်ယာဉ်ပေါ်မှ ဇနီးမောင် နှံနှစ်ဦးအား လူတစ်စုမှ လူမြင်ကွင်း နံနက်ပိုင်းတွင် ဓား ဖြင့် ဝိုင်းခုတ်မှု စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလအတွင်း  ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ နာကျင်စေမှု ၁၇၆ မှု၊ မော်တော်ဆိုင်ကယ်ခိုးမှု ခုနစ်မှု၊ ကားခိုးမှု လေးမှု၊ ခါးပိုက်နှိုက်မှုတစ်မှု၊ ခိုးမှု(ရိုးရိုး) ၉၆ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ နှစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့အား ဒုစရိုက်ကင်းစင်ပြီး နေချင့်စဖွယ်မြို့တော်ကြီးဖြစ်အောင် တည် ဆောက်နေကြောင်း ပြောကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီးမှာ မြန်မာနိုင်ငံ  ၏ အဓိကမြို့ကြီးတစ်မြို့ဖြစ်သဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့ဝင်အင်အား ခွဲတမ်းရရှိမှုတွင် အများဆုံး ရရှိထားသော် လည်း လုံလောက်မှုမရှိသေးကြောင်း အဆို ပါသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

Most Read

Most Recent