မန္တလေးဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းအတွက် ဂျပန်ယန်း ၆၀၃၃ သန်းရရှိမည့် သဘောတူစာချုပ်အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် JICA တို့ လက်မှတ်ရေးထိုး

မန္တလေးဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းအတွက် ဂျပန်ယန်း ၆၀၃၃ သန်းရရှိမည့် သဘောတူစာချုပ်အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် JICA တို့ လက်မှတ်ရေးထိုး
Published 4 October 2018

မန္တလေးဆိပ်ကမ်း တည်ဆောက်ရေး  စီမံကိန်းအတွက် ဂျပန်ယန်း ၆၀၃၃ သန်း ရရှိမည့် သဘောတူစာချုပ်အား ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် JICA တို့ အောက်တိုဘာ ၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။

အဆိုပါလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးနှင့် ဌာနမှ တာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မန္တလေးဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းအား ဂျပန်နိုင်ငံ၏ Grand Aid အကူအညီဖြင့် အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ပြီး ယခုလအတွင်း လုပ်ငန်းအကောင်ထည်ဖော်မှုများ စတင် သွားမည်ဖြစ်ကာ မြေယာလျော်ကြေးပေးအပ်ခြင်းများကို စတင်လုပ်ဆောင်သွားမည်ဟု သိရသည်။

မန္တလေးဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းအား အမရပူရမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်အကြား ရွှေလှံဗိုလ်ကျောင်းတိုက်အနီးမှစတင်ကာ ဧရာဝတီမြစ်ကမ်းအထိ  ဆိပ်ကမ်းနယ်မြေ အကောင်အထည်ဖော် သွားမည်ဟု သိရသည်။

ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် မြို့ပတ်လမ်းမှ မြစ်ဆိပ်အထိ ပေ ၃၀၀ ရှိ သုံးလမ်းသွား ချဉ်းကပ်လမ်းတည်ဆောက်ခြင်း၊ မီတာ ၁၈၀ ရှိ ဆိပ်ခံတံတားတစ်စင်း တည်ဆောက်ခြင်း၊ ကုန်သေတ္တာ သို  လှောင်စခန်းတစ်ခုတည်ဆောက်ခြင်း၊ ဆိပ်ကမ်းကုန်တင်ကုန်ချ ပစ္စည်းများတပ်ဆင်ခြင်း၊ ကုန်သိုလှောင်ရုံတည်ဆောက်ခြင်း၊ ဆိပ်ကမ်းရုံးအဆောက်အအုံများတည်ဆောက်ခြင်း စသည့်လုပ်ငန်းများပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ ကုန်သေတ္တာများအား သင်္ဘောများဖြင့်တင်ဆောင်ကာ ရေလမ်းခရီးဖြင့် မန္တလေးမြို့သို့ပို့ဆောင်ကာ၊ မန္တလေးမြို့မှတစ်ဆင့် အထက်မြန်မာပြည်ဒေသများသို့ ဆက်လက်တင်ပို့နိုင်ရန် မန္တလေး ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့က ကုန်သေတ္တာတွေကို ရေလမ်းခရီးကနေ တင်ပို့နိုင်ပြီး မန္တလေးမြို့ကနေ အထက်မြန်မာပြည်ဒေသတွေကို ဆက်လက်တင်ပို့နိုင်ဖို့အတွက် ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ နောက်ဆိုရင် ကျွန်တော်တို့ဌာနအနေနဲ့ ရန်ကုန်ကနေ မန္တလေးအထိ ကုန်သေတ္တာတင်သင်္ဘောတွေ ၂၄ နာရီ နေ့ညမရွေး ဖြတ်သန်းနိုင်အောင် စက်ကိရိယာတွေကိုလည်း တပ်ဆင်သွားမှာပါ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ပြောကြားခဲ့သည်။

Most Read

Most Recent