ပြည်တွင်း၌ ခေတ်မီဓာတုပစ္စည်းများနှင့် ပေါင်းစပ်ထားသည့် စိတ်ကြွဆေးပြားကဲ့သို့ စိတ်ပြောင်းဆေးဝါး အသစ်များ ထွက်ရှိလာပြီး ဝယ်လိုအား များနေခြင်းကြောင့် ထုတ်လုပ်မှု မြင့်တက်နေ

ပြည်တွင်း၌ ခေတ်မီဓာတုပစ္စည်းများနှင့် ပေါင်းစပ်ထားသည့် စိတ်ကြွဆေးပြားကဲ့သို့ စိတ်ပြောင်းဆေးဝါး အသစ်များ ထွက်ရှိလာပြီး ဝယ်လိုအား များနေခြင်းကြောင့် ထုတ်လုပ်မှု မြင့်တက်နေ
Published 3 October 2018

မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှုတွင် ၂၅ ရာခိုင်နှုန်း၊ ဘိန်းမည်းကို အခြေခံသည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင်လည်း ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ခေတ်မီဓာတုပစ္စည်းများနှင့် ပေါင်းစပ်ထားသည့် စိတ်ကြွဆေးပြားကဲ့သို့ စိတ်ပြောင်းဆေးဝါး အသစ်များ ထွက်ရှိလာပြီး ပြည်တွင်းပြည်ပ ဝယ်လိုအား များပြားနေခြင်းကြောင့် ထုတ်လုပ်မှု မြင့်တက်လျက်ရှိကြောင်း၂၀၁၇ခုနှစ် UNODC ၏အစီရင်ခံစာအရ သိရသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများပါ တွေ့ရှိလာကြောင်း၊ ယင်းအစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ငါးရာခိုင်နှုန်းသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အနည်းဆုံးတစ်ကြိမ် သုံးစွဲမှုရှိပြီး ကမ္ဘာ့လူဦးရေ၂၅၅ သန်းရှိသည့် အနက်၂၉ ဒသမ ၅ သန်းသည် မူးယစ်ဆေးဝါး ကုသမှုခံယူရန် လိုအပ်နေသူများဖြစ်ပြီး ၁၂ သန်းသည် မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းသူများဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးလွန် သေဆုံးမှုများ၊ မူးယစ်ဆေးစွဲမှုကြောင့် ကူးစက်ခံရသော အိပ်ချ်အိုင်ဗွီရောဂါ၊ အသည်းရောင်အသားဝါဘီနှင့်စီ၊ တီဘီရောဂါများ ဖြစ်ပွားမှု မြင့်တက်လာကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် စိတ်ပြောင်းဆေးဝါးသစ် အမျိုးပေါင်း ၂၆၀ ခန့် တွေ့ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်အတွင်း အမျိုးပေါင်း ၆၃၀ မျိုးအထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဓာတုပစ္စည်းမှတစ်ဆင့် ထုတ်လုပ်သည့် စိတ်ကြွဆေးပြား ပြဿနာသည် ၁၉၉၆ ခုနှစ်မှစပြီး  ပျံ့နှံ့လာခဲ့ကြောင်းနှင့် အစပျိုးဓာတုပစ္စည်းများ နယ်စပ်များမှတစ်ဆင့် ဝင်ရောက်လာခြင်းကို ထိန်းချုပ်ရန် ခက်ခဲခြင်း၊ စိတ်ကြွဆေးပြားကို လွယ်ကူစွာ ထုတ်လုပ်နိုင်ခြင်း၊ နယ်မြေအခြေအနေ ကန့်သတ်ချက် ရှိခြင်းများကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအချို့တွင် စိတ်ကြွဆေးပြားများ ထုတ်လုပ်လာခဲ့ခြင်းများကြောင့် စိတ်ကြွဆေးပြားများ လူငယ်ထုအတွင်း သုံးစွဲမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး အခြေအနေမှာ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးပြား ထုတ်လုပ်မှု၊ သုံးစွဲမှုစသည့် စိန်ခေါ်မှုများနှင့် ထပ်မံရင်ဆိုင် နေရခြင်းကြောင့် ၂၀၁၅ ခုနှစ် အာဆီယံဒေသ မူးယစ်ဆေးဝါး ကင်းစင်ရေး ရည်မှန်းချက်၊၂၀၁၅ ခုနှစ်အလွန် မူးယစ်ဆေးဝါးလျှော့ချရေး လုပ်ငန်းစဉ်များနှင့်အညီ စတုတ္ထငါးနှစ်စီမံကိန်းကို ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ထပ်မံတိုးမြှင့်ပြီး ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှု ပပျောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိတ်ကြွဆေးပြား ဆိုသည်မှာ အက်ဖီဒရင်း၊ ကာဖင်း စသော ဓာတုဗေဒ ပစ္စည်းများကို အခြေခံကာ လူတို့ဖန်တီး ပြုလုပ်ထားသော ဆေးတစ်မျိုးဖြစ်ပြီး Amphetamine Type Stimulants (ATS) ခေါ် စိတ်ကြွရူးသွပ်ဆေးသည် ဗဟိုနပ်ကြောအဖွဲ့ (Central Nervous System) ကို လှုံဆော်ပေးခြင်း ဖြစ်ကြောင်းနှင့် ဆေးအမျိုး အမည်များမှာ အမ်ဖီတမင်း၊ မက်အမ်ဖီတမင်း၊ မီသိုင်းလ်ဖင်နီဒိတ်၊ ဖင်မိထရာဇင်း၊ အက်စ်တာစီတို့ဖြစ်ပြီး  ယေဘုယျ အခေါ်များမှာ အိုက်စ်၊ ရှဘူး၊ ရာဘ၊ ရာမ၊ စပိဒ်တို့ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားကို ရေရှည်သုံးစွဲသူများတွင် တွေ့ရသည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများမှာ ရှူခြင်း၊ ရှုံ့ခြင်းကြောင့် နှာခေါင်းကြွက်သားမျှင် ပျက်စီးခြင်း၊ ရှူရှိုက်ခြင်းကြောင့် အသက်ရှုလမ်းကြောင်း ထိခိုက်ခြင်းနှင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်ပွားခြင်း၊ ဆေးထိုးသုံးစွဲခြင်းကြောင့် အိပ်ချ်အိုင်ဗွီ၊ အသည်းရောင် အသားဝါ ဘီနှင့်စီ အပါအဝင် သွေးမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါပိုးအန္တရာယ် ပိုမိုများပြားစေခြင်း၊ ခံတွင်းပျက်သောကြောင့် အာဟာရချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာပိန်ချုံးခြင်း၊ အရေပြားရောဂါဖြစ်ခြင်း၊ သွားများထိခိုက် ပျက်စီးခြင်း စသည့်တို့ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

 

Most Recent