အမြန်လမ်းမကြီး ၂၂၉ မိုင်အနီးတွင် ရပ်ထားသော ခရီးသည်တင်ယာဉ်အား ခရီးသည်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မိပြီး ခရီးသည် ၁၄ ဦး သေဆုံးကာ ခရီးသည် ၄၂ ဦး ထိခိုက်ဒဏ်ရာရ

အမြန်လမ်းမကြီး ၂၂၉ မိုင်အနီးတွင် ရပ်ထားသော ခရီးသည်တင်ယာဉ်အား ခရီးသည်တင်ယာဉ်တစ်စီးက နောက်မှဝင်တိုက်မိပြီး ခရီးသည် ၁၄ ဦး သေဆုံးကာ ခရီးသည် ၄၂ ဦး ထိခိုက်ဒဏ်ရာရ
Published 2 October 2018

ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉ မိုင်အနီးတွင် အောက်တိုဘာ ၁ ရက် ည ၁၁ နာရီခန့်က မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ သွားသော ယာဉ်ကြောပေါ်တွင် ရပ်ထားသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီးအား ခရီးသည်တင် မှန်လုံယာဉ်တစ်စီးက နောက်မှဝင်တိုက်မိပြီး ခရီးသည် ၁၄ ဦး သေဆုံးကာ ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယာဉ်တိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး ပန်းတင် အမြန်လမ်းမကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “အခုမှ နာမည်စာရင်းတွေ အပြည့်အစုံ လိုက်ကောက်နေတုန်းပဲ၊ သေဆုံးတာက ၁၄ ဦး၊ သေတဲ့ဦးရေကတော့ သိသွားပြီ” ဟု ပန်းတင် အမြန်လမ်းမကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂ ရက် နံနက် ၇ နာရီခွဲခန့်က ပြောကြားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၁) ရက် ည (၁၁) နာရီခန့်က မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 7C/---- ကျေးဇူးရှင် ခရီးသည်တင် မှန်လုံယာဉ်မှာ အမြန်လမ်းမကြီး ၂၂၉ မိုင် အနီးတွင် လေအိတ်ပေါက်၍ ရပ်နားပြုပြင်နေစဉ် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် 9F/--- အရိန္ဒမာ ခရီးသည်တင် မှန်လုံယာဉ်မှ အရှိန်မထိန်းနိုင်ပဲ ကျေးဇူးရှင် ခရီးသည်တင် မှန်လုံယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ကျား ၇ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၁၈ ဦး၊ မ ၂၄ ဦး စုစုပေါင်း ၄၂ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နောက်မှ ဝင်တိုက်သော အရိန္ဒမာယာဉ်မှ သေဆုံးသူ မ (၁) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၃ ဦး၊ မ ၁ ဦး စုစုပေါင်း ၄ ဦး နှင့် ရပ်နားနေသော ကျေးဇူးရှင် ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ ခရီးသည် ကျား ၇ ဦး၊ မ ၆ ဦး စုစုပေါင်း ၁၃ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ကျား ၁၅ ဦး၊ မ ၂၃ ဦး စုစုပေါင်း ၃၈ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ အောက်တိုဘာ ၂ ရက် နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ပန်းတင် အမြန်လမ်းမကြီးရဲစခန်း၊ ပလွေး အမြန်လမ်းမကြီးရဲစခန်းမှရဲ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် 192 ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း၍ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြရာ အခင်းဖြစ်ပွားပြီးနောက် ကနဦး သေဆုံးသူမှာ ၉ ဦးသာ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ပို့ဆောင် ကုသပေးခဲ့ပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ၅ ဦး ထပ်မံသေဆုံး၍ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သည့် ဘုရားတောင် အမြန်လမ်းမကြီး မီးသတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ အကြမ်းက ဒဏ်ရာရစာရင်းက မသိသေးဘူး၊ ကနဦး သတင်းအရ ကျား ၅ ယောက်၊ မ ၄ ယောက်သေတယ်၊ အဲ့ဒါ ကနဦးပဲ ရတာပေါ့၊ လောလောဆယ် ဒီမနက်ဖြစ်တဲ့ ဆေးရုံက သတင်းအရတော့ မသိဘူး၊ ညကတော့ အဲ့လောက်ရတယ်၊ ကားက မန္တလေး-နေပြည်တော် အပြန်ပေါ့၊ မိုင်တိုင် ၂၂၉ မိုင် ၂ ဖာလုံနဲ့ ၃ ဖာလုံ အကြား၊ ကားက ဘုရားဖူး EXPRESS ကားချင်း နှစ်စီးပေါ့ အဲ့ဒါက ဘုရားဖူး EXPRESS တစ်စီးက လေအိတ်ပေါက်ပြီး လမ်းဘေးမှာရပ်ပြီးတော့ ပြင်နေတာ ကျေးဇူးရှင် ဘုရားဖူး EXPRESS ကားက
လေအိတ်ပေါက်လို့ ရပ်ထားတာ၊ အဲ့ဒါကို အရိန္ဒမာ Express ခရီးသည်တင်ကား အဖြူက ဝင်တိုက်တာ နောက်ကနေပေါ့၊ ကေးျဇူးရှင်ကားက သေတာ များတာပေါ့၊ ဒဏ်ရာရတဲ့ လူတွေကို ကုတင်တစ်ထောင်ကို ပို့ပေးကြတယ်” ဟု ပြောကြားသည်။

ယာဉ်တိုက်မှူဖြစ်ပွားရာနေရာသို့ နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများကလည်း သွားရောက်ကူညီ ဆောင်ရွက်ပေးလျှက်ရှိပြီး နောက်မှ ဝင်တိုက်သော အရိန္ဒမာယာဉ်မှ ယာဉ်မောင်းမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်လျှက်ရှိကြောင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံကြီးသို့ လူမှုရေး ပရဟိတယာဉ်များ၊ အမြန်လမ်းတပ်ဖွဲ့ပိုင် ယာဉ်များဖြင့် ပို့ဆောင် ကုသပေးလျှက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ အမှုဖွင့် အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Most Recent