စစ်တွေမြို့လယ်ကောင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူငါးဦးအား ထပ်မံစစ်ဆေး

စစ်တွေမြို့လယ်ကောင်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူငါးဦးအား ထပ်မံစစ်ဆေး
Published 2 October 2018

ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေမြို့လယ်ကောင်တွင် စရဖ (ခွင့်မဲ့ပျက်ကွက်သူ) တစ်ဦးအား စက်တင်ဘာ ၂၅ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ငါးဦးအား ထပ်မံစစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

ယင်းနှင့်ပတ်သက်ပြီး မကြာခင်ရက်များက လူငယ်အချို့ကို ခေါ်ယူမေးမြန်းမှုများ ရှိခဲ့သော်လည်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း ယခုအတွင်လည်း အခင်းဖြစ်ပွားသည့် ဝင်္ကဘာကွင်းနှင့် အနီးဆုံးရပ်ကွက်များတွင် ပါဝင်သည့် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ဒေသခံ ငါးဦးအား စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်တွင် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

“မနေ့ညဘက် အပေါင်းအသင်းတွေနဲ့ ထမင်းချက်စားမယ်ဆိုပြီး အိမ်က ထွက်သွားတယ်။ သူတို့ ထမင်းပေါင်းချက်စားနေကြစဉ်မှာ ရဲက လာခေါ်သွားတယ်လို့ သားလေးပြန်လာပြောတော့မှ သိရတယ်။ ကျွန်မယောက်ျားဟာ နိုင်ငံရေးလည်းမလုပ်ဘဲ ကုန်ရောင်းကုန်ဝယ် လုပ်စားနေတာပါ” ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ အမျိုးသမီးက ပြောကြားသည်။

သံသယရှိသူများအား စစ်တွေအမှတ် (၁) ရဲစခန်းနှင့် အမှတ် (၂) ရဲစခန်းတို့မှ တာဝန်ရှိသူများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ သို့သော်လည်း ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး အမှတ် (၂) ရဲစခန်းမှူးအား ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက် ည ၉ နာရီကျော်ခန့်က စစ်တွေမြို့ ဝင်္ကဘာကွင်းတောင့်တွင် အမှတ် (၁) စရဖ ရန်ကုန်မှ တပ်ကြပ်အဆင့်ရှိ ကိုဖိုးလုံး (ခ) အောင်ကိုအား အမည်မသိသူတစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခဲ့သဖြင့် ဆေးရုံမရောက်မီ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent