စားသုံးသူဈေးဆနှုန်း (CPI) တွက်ချက်ရန်ကောက်ယူသည့် ကုန်ပစ္စည်းဈေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ ထုတ်ပြန်

စားသုံးသူဈေးဆနှုန်း (CPI) တွက်ချက်ရန်ကောက်ယူသည့် ကုန်ပစ္စည်းဈေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ ထုတ်ပြန်
Published 1 October 2018

ရန်ကုန်မြို့ မြို့နယ်တစ်ခုရှိ ဈေးဝယ်ဈေးသည်တို့ မြင်ကွင်း

စားသုံးသူဈေးဆနှုန်းတွက် ချက်ရာတွင် ကောက်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအုပ်စုများ၏ ဈေးဆနှုန်းများ ယခင်နှစ်ကာလတူ နှင့်နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ၂၀၁၈ ခုနှစ် သြဂုတ်လအ တွက်ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင်ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် သြဂုတ်လတွင် စားသုံးသူဈေးဆနှုန်း (Consumer Price Index - CPI) ၁၄၄ ဒသမ ၁၇ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသမ ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၏စားသုံးသူ ဈေးဆနှုန်းတွက်ချက်ရန်အတွက်  အစားအစာ အုပ်စု၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အဝတ်အထည်၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ ကျန်းမာရေး အုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စု၊ ဆက်သွယ်ရေးအုပ်စု၊ အပန်းဖြေ ခြင်းနှင့် ယဉ်ကျေးမှုအုပ်စု၊ ပညာရေး အုပ်စု၊ ပြင်ပအစားအသောက် အုပ်စု၊ အထွေထွေကုန်ပစ္စည်းအုပ်စု၊ အစားအစာမဟုတ်သော အုပ်စု စသည်ဖြင့် အုပ်စုများခွဲကာ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစားအစာအုပ်စုဈေးဆနှုန်းသည် သြဂုတ်လ၌  ၁၅၆ ဒသမ ၈၈ ရှိပြီး ယခင်နှစ်ကာလတူဈေးဆနှုန်းထက် ၈ ဒသမ ၄၂ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း သိရသည်။ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ဈေးဆနှုန်းမှာ သြဂုတ်လ၌ ၁၄၃ ဒသမ ၈၅ ဖြစ်ပြီး ယခင်နှစ်ကာလတူထက် ၁၀ ဒသမ ၇၁ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

အဝတ်အထည်ဈေးဆနှုန်းမှာလည်း သြဂုတ်လ၌ ၁၂၁ ဒသမ ၀၄ ရှိပြီး ယခင်နှစ်ကာလတူထက်  ၃ ဒသမ ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ အိမ်လခနှင့်  အိမ်ပြင်ခအုပ်စုဈေးဆနှုန်းမှာ သြဂုတ်လတွင် ၁၄၇ ဒသမ ၉၆ ရှိပြီး ယခင်နှစ်ကာလတူထက် ၇ ဒသမ ၈၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

အိမ်အသုံးအဆောင်ပစ္စည်း နှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ဈေးဆနှုန်းမှာ သြဂုတ်တွင် ၁၂၀  ဒသမ ၀၈ ရှိကာ ယခင်နှစ်ကာလတူထက် ၄ ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကျန်းမာရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် သြဂုတ်လ တွင် ၁၄၁ ဒသမ ၉၈ ရှိပြီး ယခင်နှစ် ကာလတူထက် ၅ ဒသမ ၉၂ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သယ်ယူပို့ဆောင်ရေးအုပ်စု ဈေးဆနှုန်းမှာ သြဂုတ်လ၌ ၁၁၁ ဒသမ ၄၀ ရှိပြီး ယခင်နှစ်ကာလတူ နှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၂၅ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဆက်သွယ်ရေးအုပ်စုဈေးဆနှုန်းမှာလည်း သြဂုတ်လ၌ ၁၀၂ ဒသမ ၁၀ ရှိကာ ယခင်နှစ်ကာလတူဈေးဆနှုန်းထက်   ၀ ဒသမ ၇၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှု အုပ်စုဈေးဆနှုန်းမှာ သြဂုတ်လတွင် ၁၀၈ ဒသမ ၃၀ ရှိပြီး ယခင်နှစ်ကာလတူထက် ၂ ဒသမ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ပညာရေးအုပ်စုဈေးဆနှုန်းမှာလည်း ယခင်နှစ်ကာလတူထက် ၈ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြင်ပအစားအသောက်အုပ်စု ဈေးဆနှုန်းမှာ ၁၂၃ ဒသမ ၀၂ ဖြစ် ပြီး ယခင်နှစ်ကာလတူထက် ၈ ဒသ မ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ အထွေထွေ ကုန်ပစ္စည်း အုပ်စုဈေးဆနှုန်းမှာလည်း ယခင် နှစ်ကာလတူထက် ၄ ဒသမ ၄၃ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ပြီး  အစားအစာမဟုတ်သော အုပ်စုဈေးဆနှုန်းမှာ ယခင်နှစ်ကာလတူထက် ၇ ဒသမ ၇၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က တွက်ချက် ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၇ ခုနှစ်စက်တင်ဘာမှ ၂၀၁၈ ခုနှစ် သြဂုတ်အထိ တစ်နှစ်တာ  ကာလအတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းကို လေ့လာပါက ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ၁၃၄ ဒသမ ၄၃ ရှိရာမှစ၍ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၃၉ ဒသမ ၅၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ၁၃၉ ဒသမ ၁၁ သို့ ကျဆင်းခဲ့သော်လည်း ၂၀၁၈ ခု နှစ်ဧပြီလမှစ၍ ပြန်လည်မြင့်တက် လာခဲ့ရာ သြဂုတ်လအထိ ဆက်လက် မြင့်တက်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပေါ် ခဲ့ခြင်းမှာ ဇွန်လမှစ၍ မိုးများစွာရွာ သွန်းခဲ့ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေသောကြောင့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲကာ ကုန်စည်  ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြ နိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင်  ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စု ဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ် တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ စုကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင့် ဝန် ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူ ဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစု ပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

 

Most Read

Most Recent