ပိတ်မိကျေးရွာများအား လုံခြုံရေးအပြည့်အ၀ ချထားမပေးနိုင်ပါက ကျောင်းနှင့်မြို့ပေါ်သို့ ပြောင်းရွှေ့ပေးစေ လိုကြောင်း ဒေသခံများ ပြောကြား

ပိတ်မိကျေးရွာများအား လုံခြုံရေးအပြည့်အ၀ ချထားမပေးနိုင်ပါက ကျောင်းနှင့်မြို့ပေါ်သို့ ပြောင်းရွှေ့ပေးစေ လိုကြောင်း ဒေသခံများ ပြောကြား
Published 1 September 2017

တမန်းသား ဘုန်းကြီးကျောင်းဝင်းအတွင်း ကင်းစောင့်နေသူများအား တွေ့ရစဉ်

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ ပိတ်မိကျေးရွာများအား လုံခြုံရေး အပြည့်အ၀ ချထားပေးစေလိုကြောင်းနှင့် လုံခြုံရေး မပေးနိုင်ပါက မြို့ပေါ်သို့ ပြောင်းရွှေ့ပေးစေလိုကြောင်း ဒေသခံများ တောင်းဆို ပြောကြားလိုက်သည်။

"ကျွန်မတို့ကို မြို့ပေါ်ကိုပို့ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီမှာအသေမခံနိုင်တော့ဘူး။ ဘုန်းတော်ကြီးကျောင်းမှာ လူ ၈၀၀ ကျောက် ရောက်နေပေမယ့် စားစရာလည်းမရှိ၊ သွားလို့လည်းမရ။ မြို့ကိုအရင်ဆုံး ရောက်စေချင်ပါတယ်။ အားလုံးဘူးသီးတောင်၊ စစ်တွေနဲ့ အခြားမြို့တွေကို ရောက်နေကြပြီ ဒီမှာကျွန်မတို့သာ ကျန်တော့တယ်။ ဝန်ကြီးချုပ်လာတုန်းကလည်း တောင်းဆိုလိုက်တယ်။ ကျွန်မတို့ကို လုံခြုံရေးသာပေးပါ၊ မာမီခေါက်ဆွဲတွေ ကြက်ဥတွေ မလိုချင်ဘူးလို့ ပြောပေမယ့် ဒီမှာဘဲနေကြပါလို့ ပြောသွားတော့ အရမ်းစိတ်ထိခိုက်ရတယ်။ စိုးရိမ်တဲ့စိတ်နဲ့ သေသွားရတော့မယ်။ ဒီမှာ သက်ကြီးရွယ်အိုတွေ၊ ပညာရေး ဝန်ထမ်းတွေရှိတယ်။ ကလေးတွေရှိတယ်။ ကျွန်မတို့ကို သတ်တော့မယ်ဆိုတာ သိနေရပေမယ့် သေမင်းကို စောင့်နေသလိုမျိုး ဖြစ်နေပြီ၊ စစ်တပ်ရောက်နေတာကို ပြန်မခေါ်ပါနဲ့လို့ ပြောချင်ပါတယ်" ဟုလည်း တမန်းသားရွာမှ ဒေါ်မစောသိန်းက ပြောကြားခဲ့သည်။

တမန်းသား ဘုန်းတော်ကြီးကျောင်းအတွင်း တမန်းသားအရှေ့ရွာ၊ အနောက်၊ သက်ရွာ၊ ဒိုင်းနက်ရွာ၊ သက်ကိုင်းညာ သက်ရွာ၊ မာရမာကြီးရွာနှင့် ဟိန္ဒူရွာမှ ကျေးရွာသားများအားလုံး စုပေါင်းနေထိုင် ခိုလှုံနေကြရကြောင်းနှင့် မြို့သို့ပြောင်းရွှေ့ ပေးစေလိုကြောင်း၊ ယင်းသို့မပြောင်းပေးနိုင်ပါက စစ်တပ်အင်အား အပြည့်ချထား စေလိုကြောင်းလည်း ပြောဆိုကြသည်။

အလားတူစွာ တမန်းသားနှင့် ၅ မိုင်းနီးပါးဝေးသည့် မင်းခမောင်းကျေးရွာမှ ဒေသခံများကလည်း လုံခြုံရေးအင်အား တိုးချဲ့ဆောင်ရွက်ထားမပေးနိုင်ပါက မြို့ပေါ်သို့ ပြောင်းပေးစေလိုကြောင်း၊ မြို့ပေါ်သို့ ပြောင်းပေးမည်ဆိုပါကာ တစ်ရွာလုံး လိုက်ပါမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စားသောက်ရေးအတွက်လည်း ခက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အရှေ့နောက်၊ မြောက်စတဲ့ သုံးဘက်မှာရှိတဲ့ တောင်ကုန်းတွေကနေပြီး သေနတ်တွေဖောက်တယ်။ အနက်ရောင် ဝတ်ထားတဲ့ လူအုပ်ကြီးတွေ နေ့စဉ်အော်နေကြတယ်။ မင်းတို့ကို တစ်ယောက်မှ အလွတ်မပေးဘူးလို့ ပြောဆိုခြိမ်းခြောက် နေကြတယ်။ ကျွန်တော်တို့ ဘယ်လိုနေရမလဲ။ ကျောင်းဆရာ/မတွေလည်းရှိတယ်။ သူတို့လည်း သေလုမတတ် ကြောက်နေကြရတယ်။ အရင်ကလည်း ကျောင်းဆရာ မောင်ချမ်းသာကို တပည့်တွေကပဲ သတ်လိုက်ကြတာ သိထားတော့ ပိုပြီးစိုးရိမ်ကြတယ်။ လုံခြုံရေးရှိတယ် ဆိုပေမယ့် ကျွန်တော်တို့ အားမရနိုင်ဘူး။ စိတ်မချဘူး။ ဘယ်သူ့ကိုမှလည်း အကူအညီ တောင်းလို့မရဘူး ဖြစ်နေတယ်။ အဆိုးဆုံးက ဖုန်းတောင်အဆင်ပြေအောင် ဆက်လို့မရဘူး ဖြစ်နေပါတယ်။ အမြန်ဆုံး ကယ်တင်ပါလို့ ပြောချင်ပါတယ်" ဟုလည်း မင်းခမောင်းရွာမှ လှမောင်သန်းက ပြောကြားခဲ့ပါသည်။

ဘူးသီးတောင်မြို့နယ် အတွင်းလည်း ပိတ်မိနေပြီး ရွှေ့ပြောင်း၍မရသော ကျေးရွာများစွာရှိနေပြီး ဘူးသီးတောင်မြို့ နယ် မြောက်ပိုင်း ဆင်ဖြူတောင် ကျေးရွာသို့ ပီရွက်၊ စိတ္တရ၊ မှိုင်းစရီ၊ ချောင်းသွယ် အစရှိသော ကျေးရွာငါးရွာမှ တိုင်းရင်းသားများ လုံခြုံရေးရှိသည့် နေရာသို့ ရောက်ရန် အကူအညီ လိုအပ်နေကြောင်း သိရသည်။

ထို့အတူ မောင်တောတောင်ပိုင်း ကျေးရွာသားဖြစ်သည့် အင်းဒင်၊ ကျောက်ပန်းတူ အစရှိသော ကျေးရွာများမှ ဒေသခံများကလည်း မြို့ပေါ်သို့အမြန်ဆုံ းရွှေ့ပြောင်းပေးစေ လိုကြောင်းနှင့် စုရပ်အဖြစ်ထားရှိသည့် နေရာများတွင် လုံခြုံမှုကို စိတ်မချနိုင်ကြောင်း၊ မနေ့ညနေပိုင်းက ကင်းစောင့်နေသော ရခိုင်တိုင်းရင်းသား တစ်ဦးအား အကြမ်းဖက်သမားများမှ ဝိုင်းဝန်းခုတ်သတ်မှုကြောင့် မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူ နေရကြောင်းလည်း သိရှိရသည်။

"အခုဆိုရင် ပဲရုံကျေးရွာက အိမ်ထောင်စု ၁၁၃ စုမှာလူဦးရေ ၅၄၂ ဦးနဲ့၊ အင်းဒင်ကျေးရွာ လူဦးရေ ၃၁၅ ပေါင်းပြီး အင်ဒင်ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတယ်။ လူဦးရေ ၈၅၀ ကျော်လောက်ရှိတယ်။ အနီးအနားမှာလည်း ဘင်္ဂလီရွာတွေ ဝိုင်းနေတော့ ကျွန်တော်တို့ကို မြို့ပေါ်ကို ပြောင်းပေးစေချင်တယ်။ ကျွန်တော်တို့မရှိမှ လုံခြုံရေးကလည်း လှုပ်ရှားလို့ရမှာပေါ့။ အခုဆိုရင် ရွာကိုကာကွယ်ပေးနေရတဲ့အတွက် သူတို့လည်း ဘေးကျပ်နံကျပ် ဖြစ်နေကြတယ်လို့မြင်တယ်။ ရွာသားတွေကလည်း ဒီမှာမနေချင်တော့ဘူး။ ရွာကိုထားခဲ့တော့မယ်။ ရွာကို မခင်တွယ်တော့ဘူး။ အေးချမ်းမှာ ပြန်လာတော့မယ်လို့ ပြောနေကြတယ်။ ပြီးကလေးတွေ၊ အမျိုးသမီးတွေအတွက် ပိုပြီးစိတ်မချ ဖြစ်နေရပါတယ်" ဟုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းထွန်းက ပြောကြားခဲ့ပါသည်။

 

Most Read

Most Recent