မန္တလေးမြို့ မဟာမုနိဘုရားဂေါပက,က ဘုရားအတွင်း စောင်းတန်းနှစ်ခုတွင် လူနေထိုင်ခြင်းကို ကန့်သတ်မည်ဖြစ်ပြီး ပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံထားဟုဆို

မန္တလေးမြို့ မဟာမုနိဘုရားဂေါပက,က ဘုရားအတွင်း စောင်းတန်းနှစ်ခုတွင် လူနေထိုင်ခြင်းကို ကန့်သတ်မည်ဖြစ်ပြီး ပြောင်းရွှေ့ပေးရန် မေတ္တာရပ်ခံထားဟုဆို
Published 30 September 2018

မဟာမုနိဘုရားကြီး နာရီစင်အနီး ပန်းတန်း ဆိုင်ခန်းများအား တွေ့ရစဉ်

မန္တလေး မဟာမုနိဘုရားဂေါပကက ဘုရားသန့်ရှင်းသာယာရေးအတွက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နှစ်နှစ်အတွင်း ပြတိုက်၊ ပြခန်းများပြင်ဆင်ခြင်း၊ လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်၍ သန့်ရှင်းသာယာရန် ပန်းခြံများ ဖော်ဆောင်ခြင်းနှင့် ကားပါကင်စသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ထပ်မံ၍ ပြင်ဆင်မွမ်းမံမှုများနှင့် ဘုရားအတွင်း လူနေထိုင်နေသည့် စောင်းတန်းနှစ်ခုကိုလည်း ညအိပ်နေထိုင်မှုကို ကန့်သတ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ ပြောကြားချက်အရသိရသည်။

“ဂေါပကအဖွဲ့အနေနဲ့ ဘုရားအတွက်နဲ့ ဘုရားဖူးပြည်သူတွေအတွက်ကြည့်ပြီး ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တယ်။ လက်ရှိမှာ အကြီးစား ပြင်ဆင်မွမ်းမံမှုတွေ၊ ယိုယွင်း ပျက်စီးတာတွေကို ပြုပြင်မှုတွေက ထက်ဝက်နီးပါးလောက် ပြီးစီးနေပါပြီ။ လုပ်တဲ့အခါ သန့်ရှင်းသာယာလှပရေးအတွက်လုပ်တယ်။ အဲဒီမှာ နဂိုကတည်းက အစဉ်အဆက် အလေ့အကျင့်ဖြစ်နေတာတွေက ဒီနေ့မှာ ကန့်သတ်ချက် ဖြစ်လာတော့ ပြဿနာလေးတွေရှိလာတယ်။ ကြိုက်ခြင်း၊ မကြိုက်ခြင်း ဆိုတာတွေ ရှိလာတယ်။ တကယ်လို့ လုပ်သင့်လုပ်ထိုက်တာ မှန်ရင်တော့ ဘုရားနဲ့ ဘုရားဖူးပြည်သူတွေအတွက်ကိုပဲ ထည့်စဉ်းစားပြီး တကယ်အကျိုးရှိနိုင်ရင် ဆောင်ရွက်မှာဖြစ်တယ်။ ဒီအတွက် အခုလက်ရှိမှာ ဘုရားစောင်းတန်းအတွင်း လူနေထိုင်မှုတွေကို ကန့်သတ်သွားမယ်။ ဘုရားဝန်ထမ်းတွေ အတွက်လည်း ဝန်ထမ်းအိမ်ရာကို ၈၄ လမ်း နဲ့ စစ်ကိုင်းလမ်းမှာရှိတဲ့ လစ်လပ်နေရာမှာ ဆောက်နေတယ်။ ခန့်မှန်းခြေ အဲဒါပြီးစီးမယ့်အချိန်မှာ ဘုရားအတွင်း နေထိုင်မှုကို လုံး၀ ကန့်သတ်သွားမှာပါ။ ဒါကြောင့်အခု လူနေ ထိုင်နေတဲ့ ပန်းတန်းနဲ့ အာနန္ဒာစောင်းတန်းက ဆိုင်ခန်းတွေမှာ လူနေထိုင်မှုကို ၂၀၁၉ မတ်လအတွင်းမှာ ရွှေ့ပေးဖို့ မေတ္တာရပ်ခံ ထားတယ်” ဟု ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောကြားသည်။

ဘုရားဂေါပက,က လူနေထိုင်မှုကန့်သတ်ခြင်းမှာ အဂါဝရမဖြစ်စေရန်နှင့် ဘုရားလုံခြုံရေး သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် လူနေထိုင်မှုမှာ စောင်းတန်းနှစ်ခုဖြစ်သော အာနန္ဒာ စောင်းတန်းနှင့် ၈၂ လမ်းမှ ဝင်ရောက်ရာတွင် နိဗ္ဗာန်ကုန်များရောင်းချသည့် နာရီစင်အနီး ပန်းတန်းတို့တွင် နေထိုင်မှုရှိပြီး နေထိုင်သူ စုစုပေါင်း ၁၅ ဦးခန့်ရှိကြောင်း သိရသည်။

ယခင်က ဘုရားတံတိုင်း ဧရိယာအတွင်း ဝန်ထမ်းအိမ်ရာများလည်း ရှိခဲ့ပြီး လူနေထိုင်မှုများရှိကာ ဂေါပက တက်လာသည့်အချိန်တွင် စနစ်တကျဖြစ်စေရန် ဝန်ထမ်းအိမ်ရာများကို သီးသန့်ဆောက်လုပ်နေရာချထားပေး ခြင်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ထပ်မံ လိုအပ်သည့် ဝန်ထမ်းများအတွက် ဆက် လက်ဆောက်လုပ်မှုများ ပြုလုပ်လျက်ရှိပြီး ယင်းအဆောက်အအုံများပြီးစီးပါက ဘုရားတံတိုင်း ဧရိယာအတွင်း လူနေထိုင်မှုကို ကန့်သတ်မည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent