ပြည်တွင်း၌ စက်သုံးဆီဈေးကို အရင်းဈေးအာက် လျှော့ချမရောင်းရန် မြန်မာနိုင်ငံစက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး သုံးသပ်

ပြည်တွင်း၌ စက်သုံးဆီဈေးကို အရင်းဈေးအာက် လျှော့ချမရောင်းရန် မြန်မာနိုင်ငံစက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး သုံးသပ်
Published 30 September 2018

ပြည်တွင်း၌ စက်သုံးဆီဈေးကို အရင်းဈေးအာက် လျှော့ချမရောင်းရန် မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်တွင် စံချိန်တင်မြင့်တက်မှုအဖြစ် ကျပ် ၁၆၅၀ အထိ ဒေါ်လာဈေးမြင့်တက်ခဲ့ရာမှ ယခုအခါ ဈေးပြန်ကျသွားသော်လည်း ပြည်တွင်းစက်သုံးဆီဈေး ဆက်လက်မြင့်တက်ခဲ့ပြီး ယင်းအတောအတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမှာမူ ကျဆင်းခဲ့ကြောင်း သိရသည်။

ဒေါ်လာဈေးနှင့် နိုင်ငံခြားစက်သုံးဆီဈေးအပေါ် မူတည်တွက်ချက်ရသည်ဟုဆိုသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာမူ စံချိန်တင်ဒေါ်လာဈေးမြင့်တက်ခဲ့သည့် စက်တင်ဘာ ၂၀ ရက်နောက်ပိုင်းတွင်လည်း ဈေးနှုန်းဆက်လက်မြင့်တက်ခဲ့ပြီး ယင်းသို့ ဖြစ်နေခြင်းမှာ အရင်းဈေးအောက် လျှော့ချရောင်းထားခြင်းကြောင့် နိုင်ငံခြားစက်သုံးဆီ ဈေးကျဆင်းသော်လည်း ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းမြင့်တက်နေရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံစက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့ ရှင်းပြထားသလိုပါပဲ။ ဒေါ်လာဈေးတွေ ကျပ် ၁၆၄၀ ကနေ ပြန်ကျပြီးတော့ စက်သုံးဆီဈေးတွေ ဆက်တိုက်တက်နေတာကို တွေ့ရမှာပါ။ ဒါက ကျွန် တော်ပြောသလို အရင်းဈေးအောက်ကို ချရောင်းဖို့တို့ မပါသေးပါဘူး။ ဈေးကတော့ သူ့ဟာသူဖြစ်နေမှာပါပဲ။ သူ့သဘော သဘာဝအတိုင်း ဖြစ်နေမယ်။ ဒါပေမဲ့ ဘာကွာခြားလဲဆိုတော့ ကျွန်တော်တို့က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတစ်ခုကို ပုံမှန်အားဖြင့် ရောင်းထားပြီဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ တုံ့ပြန်မှုတွေကို ပုံမှန်အားဖြင့် ဆောင်ရွက်နိုင်မယ်။ အပိုင်း နှစ်ပိုင်းပါ။ တစ်ပိုင်းကတော့ ဒီလိုပဲ ပြိုင်ကြဆိုင်ကြရင်းနဲ့ အားလုံးစီးပွားပျက်သွားတာကို မမြင်ချင်ဘူး။ လေ့လာမယ်ဆိုရင် နယ်က ဆီဆိုင်လေးတွေကို ကြည့်လို့ရပါတယ်။ တော်တော်များများ ဆီဆိုင်လေးတွေက သူတို့ အရင်းပြုတ်ပြီးတော့ နာကြည်းမှုတွေဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေကနေ ငါတို့ကို လာပြီးတော့ တိုက်ခိုက်ပြီးတော့ မရပ်တည်နိုင်တော့ဘူး။ ဆီဈေးတွေ လျှော့ရောင်းတယ်ဆိုပြီးတော့ ဒါကြောင့်မို့လို့ ဆီဆိုင်ငယ်လေးတွေ အတော်တော်များများ ပြုတ်သွားပါတယ်။ ဒါမျိုးလေးတွေကိုလည်း ကာကွယ်တားဆီးနိုင်အောင်၊ မလိုအပ်ဘဲနဲ့ အရင်းဈေးအောက် လျှော့ချတွေမလုပ်အောင်ပေါ့။ မနေ့က အရင်းဈေးအောက်ကို လျှော့ရောင်းတယ်။ ဒီနေ့ နိုင်ငံခြားဆီဈေးက ကျလာပေမယ့် အရင်းဈေးအောက်ကို လျှော့ရောင်းထားလို့ မခံနိုင်တော့တဲ့အတွက် ဆီဈေးက ဆက်တက်တဲ့ပုံစံ ကိုလည်း တွေ့မှာပါ။ အပြင်က အမြင်ကတော့ လုပ်ငန်းရှင်မဟုတ်ဘဲ သုံးစွဲသူတွေဖြစ်နေတော့ ကမ္ဘာ့ဆီဈေးပဲ တွေ့လိုက်တာလေ။ ကမ္ဘာ့ဆီဈေး ကျတယ်ဆိုတာပဲ မြင်ကြတော့ စိတ်ထဲမှာ လက်မခံနိုင်စရာတွေ ဖြစ်လာတာ ပေါ့” ဟု ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် အရင်းဈေးအောက် လျှော့ချရောင်းချခြင်းကြောင့် ဆီလုပ်ငန်းရှင်များ လုပ်ငန်းပျက်သုဉ်းမည့်အခြေအနေ အပါအဝင် အခြားသော အကြောင်းရင်းများကြောင့် အရင်းဈေးအောက် လျှော့ချရောင်းချခြင်းများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်းဈေးအောက် ချမရောင်းဖို့ဆိုတာက ရည်ရွယ်ချက်နှစ်ခုပါ။ တစ်ခုက လုပ်ငန်းရှင်တွေ ပျက်သုဉ်းသွားမှာစိုးလို့ ကာကွယ်ထိန်းသိမ်းဖို့ အကြောင်းအရာတစ်ခုပဲ။ နောက်တစ်ခုက ပုံမှန်အရင်းဈေးအောက် အနည်းဆုံးနဲ့ ရောင်းခြင်းအားဖြင့် ဆီဈေးကျလာရင် ဈေးချချင်ချလို့ရမယ်။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးတစ်ခုမှာရှိနေဖို့ပေါ့” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ဇွန် ၁၁ ရက်တွင်ရှိခဲ့သည့် ဒေါ်လာဈေးသည် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်သော်လည်း စက်တင်ဘာ ၂၀ ရက်တွင်မူ စံချိန်တင်မြင့်တက်မှုအဖြစ်ကျပ် ၁၆၅၀ အထိ ဒေါ်လာ ဈေးမြင့်တက်ခဲ့ပြီး နိုင်ငံခြားစက်သုံးဆီဈေး နှင့် ဒေါ်လာဈေးအပေါ် မူတည်တွက်ချက်နေရသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် စက်တင်ဘာ ၂၇ ရက်တွင် ၁၀၇၀ ဒသမ ၆၃ ကျပ်ရှိခဲ့ကြောင်း  မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးအသင်းမှ သိရသည်။

 

 

Most Read

Most Recent