ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများပိတ်သိမ်းမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများပိတ်သိမ်းမှုနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ ဆွေးနွေး
Published 29 September 2018

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby တို့ တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ ပိတ်သိမ်းမှုအခြေအနေနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ဆွေး နွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Knut Ostby အား နေပြည်တော်ရှိ  ဝန်ကြီးရုံး မေခလာခန်းမ၌ စက်တင်ဘာ ၂၈ ရက် နံနက်က တွေ့ဆုံကြောင်း သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ ပိတ်သိမ်းမှုများနှင့်ပတ်သက်၍ နောက်ဆုံးအခြေ အနေများ၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတမျှတဖြစ်ထွန်းရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေး နေမှုအခြေအနေများ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရေး နှင့် ကယ်ဆယ်ရေးစခန်းပိတ်သိမ်းရေး မဟာဗျူဟာလုပ်ငန်းစဉ်တွင် နီးကပ်စွာပူးပေါင်းပါဝင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Most Read

Most Recent