အောက်တိုဘာတွင် မြန်မာ့ရေနံဓာတုလုပ်ငန်းက ဓာတ်ဆီဂါလန်နှစ်သန်းကို တစ်ဂါလံ ကျပ် ၃၈၀၀ ဖြင့် ဖြန့်ဖြူးရောင်းချမည်

အောက်တိုဘာတွင် မြန်မာ့ရေနံဓာတုလုပ်ငန်းက ဓာတ်ဆီဂါလန်နှစ်သန်းကို တစ်ဂါလံ ကျပ် ၃၈၀၀ ဖြင့် ဖြန့်ဖြူးရောင်းချမည်
Published 29 September 2018

အောက်တိုဘာတွင် မြန်မာ့ရေနံဓာတုလုပ်ငန်းက ဓာတ်ဆီဂါလန်နှစ်သန်းကို တစ်ဂါလန်လျှင် ကျပ် ၃၈၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်း ချမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) မှ ထွက်ရှိသောဓာတ်ဆီများကို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) မှတစ်ဆင့် စက်သုံးဆီအရောင်းဆိုင်များသို့ ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ယနေ့အချိန်အထိ တစ်ကြိမ်လျှင် ဓာတ်ဆီဂါ လန် ၃၀၀၀၀၀၀ (ဂါလန်သုံးသန်း) ခန့်ဖြင့် လေးကြိမ်၊ ဓာတ်ဆီ (စုစုပေါင်း ဂါလန် ၁၂ သန်း) ဖြန့်ဖြူးရောင်းချပြီးဖြစ်ကြောင်း၊ ထိုသို့ ရောင်းချခြင်းအားဖြင့် ဈေးကွက်အတွင်း ပြည်တွင်းသုံး ဓာတ်ဆီဈေးနှုန်းကို အထိုက်အလျောက် လျော့ကျစေခဲ့ကြောင်း၊ ယခုအခါ ပဉ္ဇမအကြိမ်အဖြစ် ဓာတ်ဆီဂါလန် ၂၀၀၀၀၀၀ (ဂါလန်နှစ်သန်း) အား တစ်ဂါလန်လျှင် ကျပ် ၃၈၀၀ နှုန်းဖြင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ တစ်ဆင့် အောက်တိုဘာလအတွင်း ဆက်လက်ဖြန့်ဖြူး ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းဈေးကွက်၌ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက အမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၁၀၆၅ (တစ်ဂါလန် ၄၈၃၅ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ  ကျပ် ၁၀၇၅ (တစ်ဂါ လန် ၄၈၈၀ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၀၃၅ (တစ်ဂါလန် ၄၆၉၈ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၁၀၈၅ ကျပ် (တစ်ဂါလန် ၄၉၂၅ ကျပ်) ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် ဖြစ်ပေါ်သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက လေးလနီးပါးအတွင်း ဒီဇယ် ၁၇ ဒသမ ၀၃ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၆ ဒသမ ၂၁ ရာခိုင်နှုန်း၊ 92 Ron ၁၇ ဒသမ ၆၁ ရာခိုင်နှုန်း၊ 95 Ron ၁၆ ဒသမ ၆၆ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ်အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခြင်းဖြစ် သည်ဟု စက်သုံးဆီတင်သွင်းနေသည့်လုပ်ငန်းရှင်များက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်ဈေးနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ၁၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး ဒေါ်လာဈေးသည် သုံးလကျော်အတွင်း ၂၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ထုတ်ပြန်သော စက်တင်ဘာ ၂၅ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဈေးနှုန်း (တစ်စည်) MOPS Price များမှာ 92 Ron ၈၉ ဒသမ ၇၂ ဒေါ်လာ၊ 95 Ron ၉၁ ဒသမ ၆၃  ဒေါ်လာ၊ ဒီဇယ် ၉၅ ဒသမ ၁၉ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၆ ဒသမ ၁၆  ဒေါ်လာတို့ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ကျပ် ၂၂၇၀ )၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်ဈေးနှုန်းနှိုင်းယှဉ်ပါက လပေါင်း ၃၀ ဝန်းကျင်အတွင်း ဒီဇယ် ၁၁၃  ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၉၉ ရာခိုင်နှုန်း၊  92 Ron ၈၈ ရာခိုင်နှုန်း၊ 95 Ron ၆၇ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent