အောက်တိုဘာ ပထမပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်

အောက်တိုဘာ ပထမပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်
Published 29 September 2018

အောက်တိုဘာ ပထမပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာလ ပထမ ၁၀ ရက်ပတ် မိုးလေဝသ ခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် အနောက်တောင်မုတ်သုံလေသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁ -၆) ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း‌ဒေသများ (မြန်မာနိုင်ငံတစ်ဝှမ်းလုံး) မှ ဆုတ်ခွာသွားဖွယ်နိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်ရှိနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် မိုးထစ်ချုန်းရွာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆ ရက်မှ ၈ ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၃ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက်အရ သိရသည်။

လက်ရှိအချိန်တွင် အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်း ပေါ်ဒေသများမှ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် အောက်တိုဘာလအတွင်း ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးဇလ၏ အောက်တိုဘာ လပတ်ဇလဗေဒခန့်မှန်းချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ပထမ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် နှစ်ပေမှသုံးပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် တစ်ပေမှနှစ်ပေခန့် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ပြီး ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် လက်ရှိရေမှတ်များအောက် နှစ်ပေမှ သုံးပေခန့် ကျဆင်းလာနိုင်ကြောင်း သိရသည်။

ယင်းအပြင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် နှစ်ပေမှ သုံးပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ပေမှနှစ်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

Most Read

Most Recent