ကံစမ်းမဲများအား လိမ်လည်ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသား သုံးဦးအား ဝမ်းတွင်းမြို့နယ် တရားရုံးမှ လဝကဥပဒေ ၁၃ (၁) ဖြင့် ဒဏ်ငွေ ကျပ်တစ်သိန်းခွဲ ချမှတ်

ကံစမ်းမဲများအား လိမ်လည်ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသား သုံးဦးအား ဝမ်းတွင်းမြို့နယ် တရားရုံးမှ လဝကဥပဒေ ၁၃ (၁) ဖြင့် ဒဏ်ငွေ ကျပ်တစ်သိန်းခွဲ ချမှတ်
Published 1 September 2017

ကံစမ်းမဲများ လိမ်လည်ပြုလုပ်ခဲ့သည့် ထိုင်းနိုင်သား သုံးဦးအား ဝမ်းတွင်းမြို့နယ် တရားရုံးမှ လဝက ဥပဒေပုဒ်မ ၃၁ (၁) ဖြင့် ဒဏ်ငွေ ကျပ်တစ်သိန်းခွဲ ချမှတ်ခဲ့ကြောင်း သြဂုတ် ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး ရဲမှတ်တမ်းအရ သိရသည်။

၂၀၁၇ ဇူလိုင် ၂၇ ရက်က မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တဲစုကျေးရွာ ဒေါ်ဆယ်တင်၏ နေအိမ်၌ လင်းလင်းပါ ငါးဦးမှ မဲများအား လိမ်လည်ကံစမ်းမဲများ ပြုလုပ်ခဲ့ပြီး ၎င်းတို့အဖွဲ့ သြဂုတ် ၇ ရက်တွင် ထပ်မံရောက်ရှိလာသဖြင့် ပင်းတလဲရဲစခန်းတွင် ပ-၃၁/၁၇ ပုဒ်မ ၄၂၀ ဖြင့် လည်းကောင်း၊ အဆိုပါအမှုမှ ထိုင်းနိုင်ငံသား သုံးဦးဖြစ်သော Peephukhieo Chiyaporm ၊ Nueangkaeo Samrit ၊ Kanhakhieo Winyu တို့အား ပ-၃၂/၁၇ လဝက ၁၃ (၁) ဖြင့် အမှုဖွင့်လှစ်ကာ ဝမ်းတွင်းမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုအား ရဲတပ်ဖွဲ့မှ ပ-၃၁/၁၇ ပုဒ်မ ၄၂၀ အတွက် ဥပဒေအကြံပြုချက် တောင်းခံခဲ့ရာ ထိုင်းနိုင်ငံသား သုံးဦးအား ပုဒ်မ ၄၂၀ ဖြင့် လည်းကောင်း၊ လင်းလင်းအား ၄၂၀/၁၁၄ ဖြင့်လည်းကောင်း၊ အဆိုပါအမှုမှ ဘိုဟေမန်မှာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခြင်း မရှိသဖြင့် တရားမစွဲဆိုသင့်ကြောင်းနှင့် ပ-၃၂/၁၇ လဝကပုဒ်မ ၁၃ (၁) အတွက် ထိုင်းနိုင်ငံသား သုံးဦးအား တရားစွဲဆိုတင်ပို့ ရန် ဥပဒေအကြံပြုပြန်ကြားချက် ရရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၁ ရက်တွင် အဆိုပါအမှုမှ ထိုင်းနိုင်ငံသား သုံးဦးနှင့် လင်းလင်းတို့အား ဝမ်းတွင်းမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ရာ ပြစ်မှုကြီးအမှတ် ၃၅၇/၁၇ ဖြင့် လက်ခံစစ်ဆေး ဆောင်ရွက်နေစဉ် သြဂုတ် ၂၉ ရက်၌ တရားလို ဒေါ်ဆယ်တင်နှင့် ဖိုးရှဲ (ခ) သိုက် စိုးဝေတို့က ၎င်းတို့၏ လွတ်လပ်သော စိတ်ဆန္ဒဖြင့် အမှုအား ရုပ်သိမ်းခွင့်ပြုရန် ဝမ်းတွင်းမြို့နယ် ဥပဒေအရာရှိထံသို့ တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။

သြဂုတ် ၃၀ ရက်တွင် ဝမ်းတွင်းမြို့နယ် တရားရုံးမှ အဆိုပါအမှုမှ စွပ်စွဲခံရသူများအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ အရ အမှု ပိတ်သိမ်းခွင့်ပြုခဲ့ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ၄၉၄ (က) အရ စွဲချက်မတင်မီ အမှုမှလွတ်သည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရပြီး ထိုင်း နိုင်ငံသား သုံးဦးအား လဝက ဥပဒေပုဒ်မ ၁၃ (၁) အရ ဒဏ်ငွေ ကျပ် တစ်သိန်းခွဲစီ ပေးဆောင်ရန်၊ ဒဏ်ငွေ မဆောင်ပါက ထောင်ဒဏ် သုံးလစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သဖြင့် ထိုင်းနိုင်ငံသား သုံးဦးက ဒဏ်ငွေဆောင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

Most Read

Most Recent