ရန်ကုန်တိုင်းအတွင်းရှိ ဌာနများသည် နှစ်စဉ် ကားဝယ်ယူရန် ဘတ်ဂျက်တင်သွင်းကြပြီး ကားဝယ်ခွင့်မရရှိပါက အကြီးစား ပြင်ဆင်စရိတ်များ တင်ပြနေသဖြင့် စစ်ဆေးရန်လိုကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ တင်ပြ

ရန်ကုန်တိုင်းအတွင်းရှိ ဌာနများသည် နှစ်စဉ် ကားဝယ်ယူရန် ဘတ်ဂျက်တင်သွင်းကြပြီး ကားဝယ်ခွင့်မရရှိပါက အကြီးစား ပြင်ဆင်စရိတ်များ တင်ပြနေသဖြင့် စစ်ဆေးရန်လိုကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ တင်ပြ
Published 28 September 2018

စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး မကျင်းပမီ တွေ့ရစဉ်

ရန်ကုန်တိုင်းအတွင်းရှိ ဌာနများသည် နှစ်စဉ်ကားဝယ်ယူရန် ဘတ်ဂျက်တင်သွင်းကြပြီး ကားဝယ်ခွင့်မရရှိပါက အကြီးစား ပြင်ဆင်စရိတ်များ တင်ပြနေသဖြင့် စစ်ဆေးရန် လိုအပ်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ ဆွေးနွေးချက်ကို မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဖတ်ကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကားဝယ်ယူခွင့်မရှိတဲ့ ဌာနတွေကလည်း အကြီးစားပြင်ဆင်စရိတ်တွေ တင်ကြတာကို တွေ့ရှိရပါတယ်။ ကားတိုင်းဟာ တစ်စီးကို အကြီးစားပြင်ဆင်စရိတ် တစ်နှစ်စာ ၁၀ သိန်း တင်ထားတာကို တွေ့ရပါတယ်။ အဲဒီတော့ ဌာနတိုင်းဟာ ကားတွေဝယ်ယူဖို့ အခွင့်အရေးကို နှစ်စဉ် တင်ကြသလို ကားမဝယ်ရရင် အကြီးစား ပြင်ဆင်စရိတ်တွေ တင်ကြတာကို သက်ဆိုင်ရာဝန်ကြီးများ အနေနဲ့ မှန်မှန်ကန်ကန် ပြည်လည်စစ်ဆေးဖို့ လိုပါတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အသုံးစရိတ် လျာထားဘတ်ဂျက်ငွေကို စတင်ဆွေးနွေးသည့်အချိန်တွင် ဌာနဆိုင်ရာများ ကားဝယ်ယူသည့်ကိစ္စကို ကန့်ကွက်ဆွေးနွေးခဲ့ကြောင်း၊ သို့သော် ယခု ၂၀၁၈-၂၀၁၉ အရအသုံးငွေစာရင်း၏ ငွေလုံးငွေရင်း အသုံးစရိတ်ကို ပြန်လည်စစ်ဆေးကြည့်သည့်အခါတွင်လည်း ဌာနပေါင်း ၁၀ ခုမှ ရုံးသုံးယာဉ် ၃၅ စီးနှင့် ဆိုင်ကယ် ၂၃ စီး ဝယ်ယူရန် ပြန်ပါလာသည်ကို တွေ့ရကြောင်း ဦးရန်ရှင်းက ပြောကြားသည်။

ထို့ပြင် ယခုနှစ်ဘတ်ဂျက်တွင် ပါဝင်သည့် လမ်းဦးစီးဌာနနှင့် စည်ပင်သာယာရေး ကော်မတီက ဝယ်ယူမည့် လူစီးရုံးသုံးယာဉ်များအတွက် သုံးစွဲမည့် ကျပ် ၁၂၃၅ သန်းကို ဖြတ်တောက်ပြီး ပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခေါင်းစဉ်ပြောင်းလဲ သုံးစွဲပေးရန် အကြံပြု တင်ပြအပ်ကြောင်း၊ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ချထားပေးရာတွင် ရန်ကုန်တိုင်း ၄၅ မြို့နယ် အချိုးညီမျှသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ရမည်ဟု ဝန်ကြီးဌာနက မကြာခဏ ပြောကြားနေသော်လည်း အမှန်တကယ် လိုအပ်ချက်များ ရှိနေသည့် မြို့နယ်များကို အချိုးညီမျှစွာ ခွဲဝေပေးထားခြင်းမရှိသည်ကို ယခုဘတ်ဂျက်တွင် တွေ့ရှိရကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ ဆွေးနွေးချက်ကို ဦးရန်ရှင်းက ဖတ်ကြားရာတွင် ထည့်သွင်း ပြောကြားသည်။

“ဘဏ္ဍာငွေ အများအပြားရရှိတဲ့ မြို့နယ်ဆိုရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များရဲ့ တင်ပြချက်၊ ဒေသခံပြည်သူများရဲ့ တင်ပြချက်၊ လုပ်ငန်း လိုအပ်ချက်၊ မြို့နယ်အလိုက် ပြည်သူအခြေပြု ဘတ်ဂျက်ညှိနှိုင်း ရေးဆွဲခြင်းအရ ဆောင်ရွက်ရခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီက ဝန်ကြီးအား စာဖြင့် တောင်းခံခြင်းအရ ဆောင်ရွက်ခြင်းစတဲ့ ခေါင်းစဉ်အမြောက်အမြားနဲ့ ဘတ်ဂျက်အသုံးစရိတ်တွေကို မူမရှိဘဲ ခွဲဝေချထားနေတာမျိုးကို တွေ့ရှိရပါတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။

“စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ပြောနေတဲ့ Button Up အောက်ခြေမှ စတင်ရေးဆွဲတဲ့စနစ်ကို အကောင်အထည် ဖော်နေတာလား။ တောင်းနိုင်တဲ့သူရတဲ့ ဘတ်ဂျက်စနစ်ကို ရေးဆွဲနေတာလားဆိုတာ မေးချင်ပါတယ်။ တာဝန်ရှိတဲ့ဌာနတွေ ပူးပေါင်းဆွေးနွေးပြီး လျာထားဘတ်ဂျက် ရေးဆွဲပါတယ်ဆိုရင် အခုလို မမျှတတဲ့၊ မူမရှိတဲ့ ဘတ်ဂျက်စနစ်မျိုးဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဦးရန်ရှင်းက ပြောကြားသည်။

ဥပမာအနေဖြင့် ထိန်ပင်အမှိုက်ပုံတစ်ခုတည်းအား စည်ပင်သာယာရေးကော်မတီက သုံးသည့် ကျပ် ၂၄၄၅ ဒသမ ၄ သန်း ရှိပြီး လူဦးရေ လေးသောင်းကျော် နေထိုင်သည့် မြို့နယ်အား စည်ပင်သာယာရေးကော်မတီက သုံးစွဲငွေသည် ကျပ် ၁၄၄၀ ဒသမ ၈၆၇ သန်းသာ ရှိသည်ကို တွေ့ရကြောင်း၊ စည်ပင်သာယာရေးကော်မတီက ခွေးဂေဟာအတွက် ကွပ်ကဲရေးရုံး တည်ဆောက်ခြင်းကို ကျပ် သိန်း ၇၀၀ သုံးစွဲပြီး မြို့နယ်များရှိ ကျောင်းဆရာ၊ ဆရာမများ နေထိုင်ရန် ဝန်ထမ်းနေအိမ်တစ်အိမ် ဆောက်လုပ်ခြင်းအတွက် ကျပ်သိန်း ၃၃၀ သာ ချထားပေးခြင်းဖြစ်သည့်အတွက် ဝန်ထမ်းနေအိမ်သည် ဘတ်ဂျက် မလုံလောက်မှုကြောင့် အပြီးသတ် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဆောက်လက်စတန်းလန်းဖြင့် ယခု မိုးထဲ ရေထဲတွင် ပစ်ထားရသည့် အခြေအနေရှိကြောင်း ဦးရန်ရှင်းက ပြောကြားသည်။

Most Read

Most Recent