အမြန်လမ်းတွင် HIJET ယာဉ်အား အိမ်စီးကားတစ်စီးက နောက်မှဝင်တိုက်မှုကြောင့် တိမ်းမှောက်ပြီး လူ ၁၀ ဦးခန့် ဒဏ်ရာရ

အမြန်လမ်းတွင် HIJET ယာဉ်အား အိမ်စီးကားတစ်စီးက နောက်မှဝင်တိုက်မှုကြောင့် တိမ်းမှောက်ပြီး လူ ၁၀ ဦးခန့် ဒဏ်ရာရ
Published 27 September 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယနေ့ (စက်တင်ဘာ ၂၇ ရက်) နံနက် ၇ နာရီကျော်ခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ထွက်ခွာလာသော HIJET ယာဉ်အား နောက်မှမောင်းလာသော အိမ်စီးကား တစ်စီးက နောက်ကဝင်တိုက်မိရာမှ HIJET ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ဥသျှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်အခြေအနေနှင့် ပတ်သက်၍ ဥသျှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းမှူးက “၆၀ မိုင် ၃ နဲ့ ၄ ကြားမှာ ရှေ့က HIJET ယာဉ်ကို CRV က ဝင်တိုက်လိုက်တာ၊ ဒဏ်ရာရ ကျား ၁ ၊ မ ၉ ဦးဖြစ်တာ၊ HIJET ပေါ်ကချည်းပဲဖြစ်တာ၊ ဒဏ်ရာအခြေအနေက သူတို့တွေက ဆေးရုံမှာပဲ ရှိသေးတယ်။ ဒဏ်ရာက ပြင်းထန်လည်းပါတယ်။ သာမာန်လည်းပါတာပေါ့” ဟုပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ ဥသျှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှ တာဝန်ရှိသူများ၊ ဥသျှစ်ကုန်း အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူများမှာ တာဝန်ရှိသူများ ရောက်မလာမှီကပင် နီးစပ်ရာ နာရေးကူညီမှုယာဉ်များဖြင့် မြို့ချောင်းဆေးရုံသို့ သွားရောက်ခဲ့ကြကြောင်း၊ အဆိုပါလူနာများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် မြို့ချောင်းတိုက်နယ်ဆေးရုံမှတစ်ဆင့် ပဲခူးဆေးရုံသို့ ဆက်လက်ပို့ဆောင် ကုသပေးထားရကြောင်း သိရသည်။

အမြန်လမ်းမကြီး ဥသျှစ်ကုန်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက “အခုလောလောဆယ်တော့ လူနာတွေက အကုန်လုံး ဆေးရုံကို ပို့ထားတယ်၊ မြို့ချောင်းက မနိုင်လို့ ပဲခူးဆေးရုံကို ၂ ယောက်ပို့လိုက်တယ်၊ ဖြစ်တာက နောက်က ဝင်ဆောင့်တာပဲဗျ၊ HiJET ကအတိုက်ခံရတာ၊ ဖြစ်တာက မနက် ၇ နာရီ ၅ မိနစ်လောက်ဖြစ်တာပါ၊ ကျွန်တော်တို့ ရောက်လာတော့ လူနာတွေက Ambulance တွေနဲ့ တင်သွားကုန်ပြီ၊ လူနာတွေက ညှပ်မိတာတို့ ပိတ်မိတာတို့ ဘာမှမရှိဘူးလေ၊ လူနာတွေက အားချင်းပဲ ရဲတွေလည်း မရောက်ခင်ပဲ နားရေးကူညီမှုအသင်းက ဆေးရုံတွေပို့ကုန်လို့လေ၊ အခုမှ ဆေးရုံကလူနာတွေ လိုက်ကောက်နေတုန်း၊ မြို့ချောင်းဆေးရုံမှာရော ပဲခူးဆေးရုံမှာရော” ဟုပြောကြားသည်။

 

 

Most Read

Most Recent