ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီမြို့နယ်ရှိ အသားလုံး စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁၅၀ ကျော် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည်ဟုဆိုကာ အလုပ်မဆင်းဘဲ ဆန္ဒပြ

ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီမြို့နယ်ရှိ အသားလုံး စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁၅၀ ကျော် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည်ဟုဆိုကာ အလုပ်မဆင်းဘဲ ဆန္ဒပြ
Published 1 September 2017

ထိုင်းနိုင်ငံ ပထုန်ဋ္ဌာနီမြို့နယ်ရှိ အသားလုံးစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သား ၁၅၀ ကျော်က အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည်ဟုဆိုကာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့သည့်အတွက် အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်က လက်ခံခဲ့သည့်အတွက် ပြေလည်မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

အသားလုံးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအား အလုပ်ရှင်သူဌေးက အိုတီခအပြည့်အဝမပေးခြင်း၊ ထိုင်းအစိုးရက သတ်မှတ်ပေးထားသည့် တစ်ရက်လုပ်အားခ ဘတ် ၃၁၀ အပြည့်အဝမပေးမှု၊ အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေတွင် အချိန်ပိုဆင်းရပါက လုပ်အားခနှစ်ဆမပေးမှု၊ ထိုင်းအစိုးရရုံးပိတ်ရက်များကိုလည်း ခံစားခွင့်မရ ရှိမှုအပါအဝင် အခြားအလုပ်သမားအခွင့် အရေးများ ချိုးဖောက်ခံနေရသည့်အတွက် အလုပ်သမားများက သြဂုတ် ၃၁ ရက် နံနက် ၈ နာရီတွင် အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုရာ အလုပ်ရှင်က အလုပ်သမားများဘက်မှ တောင်းဆိုချက်များကို လက်ခံခဲ့သည့်အတွက် ပြေလည်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း AAC အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

“အဓိက,က လုပ်ငန်းခွင်အခွင့်အရေးတွေ ချိုးဖောက်တာပေါ့။ အိုတီတစ်နာရီကို ဘတ်  ၄၀  ပဲရတယ်။ အိုတီအပြည့်အဝမရဘူး။ ပြီးတော့ နေ့စားခ ဘတ် ၃၁၀ ပေးတာကလည်း မကြာသေးဘူး။ ပြီးတော့ အိမ်သာတက်လို့ ၁၀ မိနစ်ကျော်ရင် ၃၁၀ ဖြတ်တယ်။ တနင်္ဂနွေနေ့ဆို နှစ်ရက်စာမရဘူး။ ပြီးတော့ ထိုင်းအစိုးရရုံးပိတ်ရက်တွေမှာဆိုရင် ခံစားခွင့်တွေမရဘူး။ အဲဒီအတွက် အလုပ်သမားတွေက အလုပ်မဆင်းဘဲ ဆန္ဒပြတာပါ။ အလုပ်ရှင်က အလုပ်သမားတွေဘက်က တောင်းဆိုတာကို လက်ခံလိုက်တဲ့အတွက် အခု ပြေလည်မှုရရှိသွားပါပြီ” ဟု ကိုရဲမင်းက သြဂုတ် ၃၁ ရက်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ လုပ်ငန်းရှင်သူဌေးများ၊ မန်နေဂျာများ၏ လုပ်အားခခေါင်းပုံဖြတ်ခံရခြင်းအပါဝင် အခြားအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ခံရလေ့ရှိပြီး တရားမဝင် အလုပ်သမားဆိုပါက အလုပ်ရှင်က ထိုင်းရဲများအား ခေါ်၍ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်လေ့ရှိသည်။

Most Read

Most Recent