<

ရန်ကုန်တိုင်းအတွင်း ရေကြီးရေလျှံမှု၊ သဘာဝဘေး အန္တရာယ်ရန်ပုံငွေနှင့် အဆောက်အအုံများ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ ၁၂၄ သန်းသည် နည်းပါးကြောင်း ရန်ကုန်မြို့တော်ဝန် ပြောကြား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ရေကြီးနေသည်ကို ဇူလိုင်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းအတွင်း ရေကြီးရေလျှံမှု၊ သဘာဝဘေးအန္တရာယ်ရန်ပုံငွေနှင့် အဆောက်အအုံများ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ ၁၂၄ သန်းသည် နည်းပါးနေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သြဂုတ် ၃၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ပြောကြားသည်။

အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေနှင့်ပတ်သက်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအားလုံးတွင် ရေကြီးရေ လျှံမှုဖြစ်ပွားခြင်းမှ ကာကွယ်ရန်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ ၁၂၄ သန်းရရှိမှုအပေါ် မည်သည့်လုပ်ငန်းစီမံချက်များ ဆောင်ရွက်ရန်ရှိသနည်း၊ မြို့တွင်းခြောက်မြို့နယ်အပြင် ကျန်သည့်မြို့နယ်များ၌ ရေကြီးရေလျှံမှု ကာကွယ်ရန်မည်သည့် အစီအစဉ်များ ပြုလုပ်ထားသည်ကို သိရှိလိုကြောင်း၊ ၎င်းရရှိငွေများထဲမှ အဆောက်အအုံများ ဘေးကင်းလုံခြုံရေးအတွက် ၂၂ သန်း၊ အခြားကဏ္ဍ၌သုံးစွဲရန် ၂၁ သန်းဆိုသည်မှာ မည်သည့်ကဏ္ဍများတွင် သုံးစွဲရန်အစီအစဉ်ရှိသနည်း မေးခွန်းနှင့် ပတ်သက်ပြီး မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒါတွေက ပြည်သူလူထုသိရမယ့် ကိစ္စတွေပါ။ ပွင့်လင်းမြင်သာမှုရှိရမှာပါ။ ဒါဟာရေရှည်အတွက် စီမံရမယ့်ကိစ္စဖြစ်ပါတယ်။ လုပ်ငန်းတွေမှာ လုပ်ငန်းစီမံချက် အပိုင်း (၁)မှာပါတာကတော့ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံရန်ပုံငွေ ထူထောင်တဲ့နေရာမှာ ပါဝင်ဆောင်ရွက်ခြင်းဆိုပြီးတော့ အမေရိကန်ဒေါ်လာသန်း ၂၀ နဲ့ ထောက်ပံ့ငွေတစ်သန်း သတ်မှတ်ထားပါတယ်။ လုပ်ငန်းအပိုင်း (၂) မှာ မြို့ပြရေကြီး ရေလျှံစီမံခန့်ခွဲခြင်း အမေရိကန်ဒေါ်လာ ၇၇ သန်းဖြစ်ပါတယ်။ အကုန်လုံးအတွက် မဟုတ်ပါဘူး။ သူက အပိုင်းလိုက်ခွဲထားပါတယ်။ နောက်လုပ်ငန်းအပိုင်း (၃) မှာဆိုရင် အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်ခြင်းဆိုပြီးတော့ အမေရိကန်ဒေါ်လာ ၂၂ သန်းနဲ့ အသိပညာပေးခြင်းနဲ့ စီမံကိန်းစီမံခန့်ခွဲခြင်းအတွက် အမေရိကန်ဒေါ်လာ ငါးသန်းဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီအပိုင်းတွေအရ ကြည့်မယ်ဆိုရင် ရတဲ့ချေးငွေက နည်းတောင်နည်းနေပါသေးတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ရေကြီးရေလျှံမှုအတွက် အသုံးပြုမည့် ဒေါ်လာ ၇၇ သန်းသည် Down Town ခြောက်မြို့နယ်တွင် တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်ပြီး အဆိုပါမြို့နယ်များနှင့် ထိစပ်နေသည့် ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များသည်လည်း သွယ်ဝိုက်အကျိုးခံစားခွင့်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“စီမံကိန်းအကောင်အထည်ဖော်ပြီးစီး တဲ့အခါမှာ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ပုဇွန်တောင်စတဲ့ Down Town ခြောက်မြို့နယ်မှာ တိုက်ရိုက်အကျိုးခံစားရမှာ ဖြစ်ပါတယ်။ ဒီအပြင်နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်းနဲ့ မင်္ဂလာတောင်ညွန့်တွေမှာလည်း သွယ်ဝိုက်အကျိုးခံစားဖို့ ရှိပါတယ်။ ဒါ့အပြင် ကျန်ရှိနေတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံလျော့နည်းဖို့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဆောင်ရွက်မယ့်စီမံကိန်းကတော့ ခြောက်နှစ်တာ စီမံကိန်းကာလဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ ဒီမြို့နယ်တွေအတွက် လိုအပ်မယ့် သတင်းအချက်အလက်၊ မိုးရေချိန်တွေ၊ လူထုသုံးစွဲတဲ့ရေပမာဏ၊ စွန့်ပစ်ရေဆိုးနဲ့ပတ်သက်တဲ့ အသေးစိတ်ပုံစံများနဲ့ လေ့လာနေပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ဆက်လက်ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက “ရေကြီးရေလျှံမှုနဲ့ ပတ်သက်တဲ့ အခါကျတော့ အရင်တုန်းက တစ်ဘီလျံ သုံးစွဲခဲ့ပါတယ်။ အဲဒါဘာအတွက်လဲဆိုတော့ ရှိနေတဲ့ အခြေခံအဆောက်အအုံတွေက အရင်ကတည်းက တည်ဆောက်ထားတဲ့အရာတွေ၊ ရန်ကုန်လူဦးရေတိုးလာတာနဲ့အမျှ အဆောက်အအုံနဲ့ ပတ်သက်တာတွေပြင်ရမယ်။ လာမယ့် အနာဂတ်လူဦးရေအတွက်ဆိုရင် အခြေခံအဆောက်အအုံတွေကို ပြောင်းရမှာဖြစ်တယ်။ ပြောင်းရမှာဖြစ်တဲ့အတွက် ဒီငွေဟာ တကယ်တမ်းကျတော့ ချင့်ချင့်ချိန်ချိန် သုံးရမှာဖြစ်ပါတယ်။ ဒါက နိုင်ငံတော်ရဲ့ အကြွေးတွေ ဖြစ်ပါတယ်။ သုံးတဲ့နေရာမှာလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ ပွင့်လင်းမြင်သာစွာသုံးရမယ်။ ဒါတွေက ပြည်သူလူထုနဲ့ ဆိုင်တဲ့အတွက်ကြောင့် ပြည်သူလူထုပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့အစီအစဉ် ရှိပါတယ်” ဟု ပြောကြားသည်။

August 31, 2017














Copy Protected by Chetan's WP-Copyprotect.