ရိုဟင်ဂျာလူမျိုး ခေတ်အဆက်ဆက်တွင် မရှိကြောင်းနှင့် အကြမ်းဖက်ဝါဒကျဆုံးပါစေဟု အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦး မကွေးမြို့တွင် ဆန္ဒထုတ်ဖော်

ရိုဟင်ဂျာလူမျိုး ခေတ်အဆက်ဆက်တွင် မရှိကြောင်းနှင့် အကြမ်းဖက်ဝါဒကျဆုံးပါစေဟု အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦး မကွေးမြို့တွင် ဆန္ဒထုတ်ဖော်
Published 1 September 2017

အသက် ၈၇ နှစ်ရှိအဘိုးအိုတစ်ဦး မကွေးမြို့တွင် သြဂုတ် ၃၁ ရက် နံနက် ၈ နာရီက ဆန္ဒထုတ်ဖော်စဉ်

ရိုဟင်ဂျာလူမျိုးဟူ၍ ခေတ်အဆက်ဆက်တွင် မရှိကြောင်းနှင့် အကြမ်းဖက်ဝါဒ ကျဆုံးပါစေဟု အသက် ၈၇ နှစ်ရှိအဘိုးအို တစ်ဦးမကွေးမြို့တွင် သြဂုတ် ၃၁ ရက် နံနက် ၈ နာရီက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးစောမြင့်သည် ဆန္ဒထုတ်ဖော်လှည့်လည်ချိန်တွင် “ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ အလိုမရှိ။ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ ခေတ်အဆက်ဆက်မရှိ။ အကြမ်းဖက်ဝါဒကျဆုံးပါစေ။ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ မကျဆုံးအောင် နိုင်ငံတော်အစိုးရမှ တာဝန်ယူပေးပါ” ဟု စာသားများပါ ဗီနိုင်းဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။

“ဘင်္ဂါလီဆိုတဲ့လူတွေမှာ ကောင်းတဲ့လူတွေရှိသလို၊ ဆိုးတဲ့လူတွေရှိတယ်။ အကြမ်းဖက်သမားတွေကို ကျွန်တော်အလိုမရှိဘူး။ နောက်သူက ရိုဟင်ဂျာဆိုပြီး ပြောနေတာ။ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်က ရိုဟင်ဂျာဆိုတာမရှိဘူး။ ဒါကြောင့် ကျွန်တော်ကရို ဟင်ဂျာလည်းလက်မခံဘူး။ အကြမ်းဖက်သမားပဲ သတ်မှတ်တယ်။ ဒီနေ့ တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့သားတွေ ကျဆုံးသွားတာ ကျွန်တော်မခံနိုင်ဘူး။ အပြစ်မရှိတဲ့ ပြည်သူပြည်သားတွေကိုလည်း သတ်ဖြတ်တယ်။ လုယူတယ်။ ဖျက်ဆီးတယ်ဆိုတာတွေကို မခံနိုင်လို့ တစ်ကိုယ်တော်ဆန္ဒပြတာပါ” ဟု ဦးစောမြင့်က ပြောကြားသည်။

ဦးစောမြင့်သည် မကွေးမြို့ကန်သာ (၈) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး သူ၏သားများလည်း စစ်မှုထမ်းစဉ် ကျဆုံးခဲ့ဖူးကြောင်း၊ ယခုဆန္ဒထုတ်ဖော်မှုသည် စစ်မှုထမ်းဟောင်းတစ်ဦးအနေဖြင့် မဟုတ်ဘဲ ပြည်သူတစ်ဦး အနေဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ဦးစောမြင့်သည် ဆန္ဒထုတ်ဖော်မှုကို မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအနီးမှ စတင်ခဲ့ပြီး လမ်းငါးသွယ်အဝိုင်းမှတစ်ဆင့် အထက (၁) လမ်း၊ သစ္စာလမ်း၊ မေတ္တာလမ်းများသို့ လှည့်လည်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရန်အတွက် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဥပဒေနှင့်အညီ ကြိုတင်အသိပေးတင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent