စက်သုံးဆီဈေး လေးလဝန်းကျင်အတွင်း တစ်လီတာ ကျပ် ၁၅၀ မှ ၁၅၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး စံချိန်တင်ဈေးနှုန်းများ ဆက်တိုက်ဖြစ်ပေါ်ကာ ဇွန်လဆန်းနှင့်နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းကျော် မြင့်တက်

စက်သုံးဆီဈေး လေးလဝန်းကျင်အတွင်း တစ်လီတာ ကျပ် ၁၅၀ မှ ၁၅၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး စံချိန်တင်ဈေးနှုန်းများ ဆက်တိုက်ဖြစ်ပေါ်ကာ ဇွန်လဆန်းနှင့်နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းကျော် မြင့်တက်
Published 27 September 2018

ဒေါ်လာဈေးခုန်တက်ခြင်းကြောင့် စက်သုံးဆီဈေးနှုန်း လေးလဝန်းကျင်အတွင်း ၁၇ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင်ဈေးနှုန်းများ အနေဖြင့် 92 Ron ၁၀၃၅ ကျပ်၊ 95 Ron ၁၀၈၅ ကျပ်၊ ဒီဇယ် ၁၀၆၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၀၇၅ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ အမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီလက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၁၀၆၅ (တစ်ဂါလန် ၄၈၃၅ ကျပ်) ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၁၀၇၅ (တစ်ဂါ လန် ၄၈၈၀ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၁၀၃၅ (တစ်ဂါလန် ၄၆၉၈ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၁၀၈၅ ကျပ် (တစ်ဂါလန် ၄၉၂၅ ကျပ်) ဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် ဖြစ်ပေါ်သော ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လေးလနီးပါးအတွင်း ဒီဇယ် ၁၇ ဒသမ ၀၃ ရာခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၆ ဒသမ ၂၁ ရာခိုင်နှုန်း၊ 92 Ron ၁၇ ဒသမ ၆၁ ရာခိုင်နှုန်း၊ 95 Ron ၁၆ ဒသမ ၆၆ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ဒုတိယပတ်မှ စတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလဆန်းတွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာလဆန်းတွင် ၅၈ ဒေါ်လာ၊ ဇန်နဝါရီလဆန်းတွင် ၆၁ ဒေါ်လာ၊ ဖေဖော်ဝါရီလဆန်းတွင် ၆၄ ဒေါ်လာ၊ ဧပြီလကုန်ပိုင်းတွင် ၆၈ ဒေါ် လာ၊ မေ ၂၁ ရက်တွင် ၇၂ ဒေါ်လာ၊ ဇူလိုင် ၁၀ ရက်တွင် ၇၄ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ သြဂုတ် ၇ ရက်တွင် ၆၉ ဒေါ်လာ၊ သြဂုတ် ၂၀ ရက်တွင် ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း စက်တင်ဘာ ၁၀ ရက်တွင် ၆၇ ဒေါ် လာ၊ စက်တင်ဘာ ၂၆ ရက်တွင် ၇၂ ဒေါ်လာ ကျော်အထိ ပြန်တက်ခဲ့သည်။

ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော စက်တင်ဘာ ၂၅ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း (တစ်စည်) MOPS Price များမှာ 92 Ron ၈၉ ဒသမ ၇၂ ဒေါ်လာ၊ 95 Ron ၉၁ ဒသမ ၆၃ ဒေါ်လာ၊ ဒီဇယ် ၉၅ ဒသမ ၁၉ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၉၆ ဒသမ ၁၆ ဒေါ်လာတို့ဖြစ်သည်။

Most Read

Most Recent