<

ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေတွင် ခရီးသွားဇုန် သတ်မှတ်ဖော်ဆောင်မည်

ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေ တစ်နေရာကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်းရှိ နန်စီဗွန်ကျေးရွာအနီး ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေတွင် ခရီးသွားဇုန်သတ်မှတ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ စစ်ကိုင်းဇုန်၊ မုံရွာဇုန်၊ ရွှေဘိုဇုန်၊ ကသာဇုန်၊ ကလေးဇုန်နှင့် ခန္တီးဇုန်တို့တွင် ၂၀၁၇ ခုနှစ် အတွင်း ခရီးသွားဇုန်ဖော်ဆောင်သွားမည်ဟု သြဂုတ် ၂ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ခန္တီးဇုန်တွင် ခန္တီးမြို့နယ်ရှိ နန်စီဗွန်ကျေးရွာအနီး ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေပါဝင်နေခြင်း ဖြစ်သည်။

“စစ်ကိုင်းတိုင်းထဲမှာလည်း ဒီလိုရတနာတွေရှိတယ် ထွက်တယ်။ ဒါတွေကို ကြည့်လို့ ရှုလို့ရတယ်။ လည်လို့ပတ်လို့ရတယ်ဆိုတဲ့ Message ပေးချင်တာပါ။ လောလောဆယ်တော့ လျာထားတုန်းပဲ ရှိပါသေးတယ်။ တကယ်လုပ်ဖြစ်ရင်တော့ အစီအစဉ်အသေးစိတ် ပြန်ဆွဲရပါဦးမယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောကြားသည်။

ခန္တီးရတနာမြေတွင် ခရီးသွားဇုန် ဖော်ဆောင်မည့်ကိစ္စနှင့် ပတ်သက်၍ ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက “ခန္တီးဇုန်မှာ ခန္တီးရတနာမြေပါတယ်ဆိုတာသိရတော့ ၀မ်းသာပါတယ်။ ဒါမှ ခန္တီးမှာလည်း ကျောက်စိမ်းထွက်တယ်ဆိုတာ လူတွေသိလာကြမှာလေ။ အများစုက ကျောက်စိမ်းနဲ့ပတ်သက်ရင် ဖားကန့်တစ်ခုတည်းကိုပဲ သိကြတာလေ။ ခန္တီးကဒေသခံ အများစုက ရွှေတို့၊ ကျောက်တို့လို သဘာဝ သယံဇာတတွေကိုပဲမှီခိုပြီး တူးဖော်လုပ်ကိုင်နေကြရတယ်။ အခုလို ခရီးသွားဇုန်ဖော်ဆောင်ပြီး ခရီးသွားလုပ်ငန်းတွေသာ ဖွံ့ဖြိုးလာမယ်ဆိုရင် သဘာဝ သယံဇာတတူးဖော်လုပ်ကိုင်တာတွေ တဖြည်းဖြည်းလျော့ကျသွားပြီး ရေရှည်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလည်း သက်သာလျော့ကျသွားမယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ဖွံ့ဖြိုးလာမယ်။ ပြီးတော့ ဒီဒေသမှာက ရတနာနယ်မြေဆိုပေမယ့် ပွင့်လင်းမြင်သာမှုမရှိတော့ ကျောက်ကောင်းရရင်တောင်မှ မှောင်ခိုအနေနဲ့ပဲ အရောင်းအ၀ယ်ဖြစ်ကြတော့ နိုင်ငံတော်အတွက် အခွန်တွေနစ်နာဆုံးရှုံးသလို ဒေသခံတွေလည်း ထိုက်သင့်သလောက် အကျိုးခံစားခွင့်မရကြဘူး။ ခရီးသွားဇုန်ဖော် ဆောင်လိုက်ရင်တော့ ကျောက်အရောင်းအ၀ယ်တွေရော ကျောက်မျက်တူးဖော်မှုတွေပါ အရင်ကထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာ မယ်လို့မျှော်လင့်တယ်” ဟု သူ၏အမြင်ကို ပြောကြားသည်။

ခရီးသွားဇုန်အတွင်း ပါဝင်သည့် နန်စီဗွန်ကျေးရွာအနီး ခန္တီးရတနာမြေတွင် နန်စီဗွန်မှော်၊ မကျန်ခမှော်နှင့် ရွှေပြည်သာကျေးရွာ၊ ချောင်းသာကျေးရွာ၊ မြသာကျေးရွာနှင့် လသာကျေးရွာတို့တည်ရှိပြီး ဒေသခံများနှင့် ရွှေ့ပြောင်းအလုပ်သမားတို့ ရောနှောနေထိုင်ကြကာ ရေမဆေးကျောက်ရှာဖွေခြင်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြသည်။

ခရီးသွားဇုန်ဖော်ဆောင်မည့် ခန္တီးဇုန်အတွင်းတွင် နန်စီဗွန်ကျေးရွာအနီး ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေအပြင် နာဂဒေသဖြစ်သည့် လဟယ်မြို့နှင့် နန်းယွန်းမြို့များသို့ သွားလာနိုင်ပြီး နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင်  Lake of  No Return ရေကန်နှင့် ဒေါ်ခင်ကြည် ရိပ်သာတို့ကို လည်ပတ်နိုင်မည့်အပြင် ထမံသီဘေးမဲ့တောနှင့် ရှားပါးတိရစ္ဆာန်များကို လေ့လာနိုင်ကာ ၎င်းမှ နာဂဒေသ လေရှီးမြို့သို့ သွားရောက်လည်ပတ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

August 31, 2017














Copy Protected by Chetan's WP-Copyprotect.