အထည်ချုပ်နှင့် ဖိနပ်စက်ရုံ ငါးခုမှ အလုပ်သမားများ ပူးပေါင်း၍ လုပ်ခလစာမရရှိမှု၊ အလုပ်ပိတ်လျော်ကြေး မရရှိမှု အပါအဝင် အငြင်းပွားမှုများ အမြန်ဆုံး ဖြေရှင်းပေးရေး ဆန္ဒပ္ဖြ

အထည်ချုပ်နှင့် ဖိနပ်စက်ရုံ ငါးခုမှ အလုပ်သမားများ ပူးပေါင်း၍ လုပ်ခလစာမရရှိမှု၊ အလုပ်ပိတ်လျော်ကြေး မရရှိမှု အပါအဝင် အငြင်းပွားမှုများ အမြန်ဆုံး ဖြေရှင်းပေးရေး ဆန္ဒပ္ဖြ
Published 26 September 2018

ဓာတ်ပုံ - ကြည်နိုင်

အထည်ချုပ်နှင့် ဖိနပ်စက်ရုံ ငါးခုမှ အလုပ်သမားများ ပူးပေါင်း၍ လုပ်ခလစာမရရှိမှု၊ အလုပ်ပိတ်လျော်ကြေးမရရှိမှု အပါအဝင် အလုပ်သမားအရေး အငြင်းပွားမှုများ အမြန်ဆုံး ဖြေရှင်းပေးရေး စက်တင်ဘာ ၂၆ ရက်က လှိုင်သာယာမြို့နယ်အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြမှုတွင် Central Star အထည်ချုပ်စက်ရုံ၊ Fu Yuen အထည်ချုပ်စက်ရုံ၊ Great Wings ဖိနပ်စက်ရုံ၊ MDM ဖိနပ်စက်ရုံ၊ Myanmar Infochamp ဖိနပ်စက်ရုံတို့မှ အလုပ်သမား စုစုပေါင်း ၃၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

Action Labour Right အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ကိုစိုင်းယုမောင်က “စက်ရုံငါးရုံးပေါင်းပြီး ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က အစတုန်းကတော့ တစ်ရုံချင်းပဲ။ အကြိမ်ကြိမ် ဖြေရှင်းပေမယ့် အဆင်မပြေတော့ဘူး။ ပြသာနာတွေ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြတယ်။ ဖြစ်မလာခဲ့ဘူး။ သက်ဆိုင်ရာကို တင်ပေမယ့် အရမ်းအချိန်ကြာတယ်။ လုပ်နေတယ်ဆိုပြီး တဖြေးဖြေး အချိန်ကြာလာတယ်။ အလုပ်သမားတွေက မခံနိုင်တော့ဘူး။ ဥပဒေမှာရှိနေရက်နဲ့ ဘာလို့ကြာနေတာလဲ။ တွေ့မယ်ဆို အမြန်ဆုံး မတွေ့နိုင်ဘူးလားပေါ့။ ဘာမှလုပ်လို့မရတော့ဘူး ဖြစ်နေလို့ ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆန္ဒပြ အလုပ်သမားများသည် လှိုင်သာယာမြို့နယ် အောင်မြေသာယာဘောလုံးကွင်းရှေ့တွင် စုဝေးပြီးနောက် ကျန်စစ်သားလမ်းအတိုင်း၊ ထို့နောက် ရန်ကုန်-ပုသိမ်လမ်းမအတိုင်း သမကုန်းမီးပွိုင့်အထိ၊ ယင်းမှတဆင့် ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း အောင်မြေသာယာ ဘောလုံးကွင်းရှေ့ထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆန္ဒပြရာတွင် အလုပ်သမားများသည် “နည်းလမ်းမကျသော ညှိနှိုင်းဖြေရှင်းမှုများ အလိုမရှိ၊ စက်ရုံပိတ်သိမ်းသွားသော အလုပ်ရှင်အား အလုပ်သမားဝန်ကြီးဌာနမှ အမြန်ဆုံး တာဝန်ယူ ဖြေရှင်းပေးရေး၊ FOA အား အစိုးရမှ ကာကွယ်ပေး၊ အလုပ်သမားသမဂ္ဂဖြိုခွဲသော အလုပ်ရှင်အား အရေးယူပေးရေး၊ အာဏာပိုင်များ အဂတိမလိုက်စာရေး ဒို့အရေး၊ ဖုယွင်အလုပ်သမား သပိတ်အမြန်ဆုံး ဖြေရှင်းပေးရေး ဒို့အရေး” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စက်ရုံငါးရုံးမှ ဆန္ဒပြသော အလုပ်သမားများတွင် အလုပ်သမားခေါင်းဆောင်များကို အလုပ်ထုတ်ပယ်ခြင်း၊ အလုပ်ပိတ်လျော်ကြေး မရရှိသေးခြင်း၊ လုပ်ခလစာ အပြည့်အ၀ မရရှိခြင်း၊ မူလရာထူးနှင့် လစာလျော့ချခြင်းတို့နှင့် သက်ဆိုင်သော ပြသာနာများ ကြုံတွေ့နေရပြီး ထိုပြသာနာ အငြင်းပွားမှုများ အမြန်ဆုံး ဖြေရှင်းပေးစေလိုကြောင်း သိရသည်။

Most Read

Most Recent