<

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသရှိ တောင်ပေါ် ၁၅ ရပ်ကွက်တွင် မြေသားနိမ့်ကျသွားသဖြင့် လူနေထိုင်ခြင်းမပြုရန်နှင့် ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ထား

မြေသားနိမ့်ကျသွားသော မြေနေရာများအား သြဂုတ် ၃၀ ရက်က တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ – ကိုကျော်မြင့်)

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းဒေသရှိ တောင်ပေါ် ၁၅ ရပ်ကွက်တွင် မြေသားများနိမ့်ကျသွားသဖြင့် လူနေထိုင်ခြင်းမပြုရန်နှင့် ဖြတ်သန်းသွားလာ ခြင်းမပြုရန် နယ်မြေခံစခန်းမှူးလက်မှတ်ထိုးကာ တားမြစ်ထားကြောင်း သိရသည် ။

ရုရှားရိပ်သာဟောင်းဝဲဘက်တွင် မြေသားများ ခြောက်လက်မခန့် နိမ့်ဆင်းနေသော သတင်းအရ သြဂုတ် ၃၀ ရက်တွင် တာဝန်ရှိသူများစုပေါင်း သွားရောက်စစ်ဆေးပြီး တားမြစ် ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ်  ၃၁ ရက်မှစတင်၍ အိမ်ထောင်စု သုံးစုအား ရွှေ့ပြောင်းခိုင်းထားပြီး လူများဖြတ်သန်းခြင်းမပြုရန် တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီရက်ထဲ မိုးဆက်တိုက်ရွာတယ်။ မြေသားတွေက အက်ကြောင်းလို စဖြစ်နေတာ တွေ့ရတယ်။ ကွင်းဆင်းစစ်ဆေးပြီး နေထိုင်တဲ့ လူတွေကို အိမ်အထိ သတိပေးထားပါတယ်” ဟု တောင်ပေါ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည် ။

အခင်းဖြစ်သည့်နေရာမှာ ယခင်ကတည်းက အန္တရာယ်ဇုန်အဖြစ်သတ်မှတ်သည့် နေရာတွင်ပါဝင်ပြီး တားမြစ်ဆိုင်းဘုတ်စိုက်ထူထားရှိပြီး လူနေထိုင်ခြင်းနှင့် ဖြတ်သန်းခြင်း မပြုရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးမှုများအရ မြေသားနိမ့်ကျရခြင်းမှာ သတ္တုတူးဖော်ထုတ်လုပ်သည့် လုပ်ကွက်နေရာ မဟုတ်သော်လည်း ၁၅ ရပ်ကွက်မှ ၁၃ ရပ်ကွက်သို့ သွားရာလမ်း ချောက်ကမ်းပါးနှင့်နီးသောကြောင့် မြေသားအက် နိမ့်ကျခြင်းဖြစ်နိုင်ကြောင်း ထူးခြားမှုရှိပါက အချိန်နှင့် တစ်ပြေးညီဆောင်ရွက်သွားကြရန် ညွှန်ကြားထားကြောင်း သိရသည် ။

“စစ်ဆေးတဲ့ သူတွေသေချာတော့ စစ်စေချင်တယ်။ အဲဒီနေရာနားမှာ ညသန်းခေါင်ဆို စက်ဖောက်သံကြားရတယ်။ နံနက် ၃ နာရီဆို ယမ်းခွဲသံကြားရတယ်။ လူနေအိမ်နီးတဲ့ နေရာတွေအောက်ကို ဖောက်ခွဲပစ္စည်းနဲ့ မတူးစေချင်ဘူး။ ခေတ်အဆက်ဆက်လည်း မတူးခဲ့ဘူး။ သေချာစစ်ဆေးစေချင်တယ်” ဟု ၁၅ ရပ်ကွက်နေ ကိုဘန်းမြတ်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာ  ၁၁ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းသောကြောင့် မြေပြိုမှုများဖြစ်ပြီး လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

August 31, 2017














Copy Protected by Chetan's WP-Copyprotect.