လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်နေရာ ခန့်အပ်တာဝန်ပေးနိုင်ရန် တိုင်းဒေသကြီးလွှတ်တော်တွင် အမည်စာရင်းတင်သွင်း

လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်နေရာ ခန့်အပ်တာဝန်ပေးနိုင်ရန် တိုင်းဒေသကြီးလွှတ်တော်တွင် အမည်စာရင်းတင်သွင်း
Published 26 September 2018

ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အား တွေ့ရစဉ်

လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်နေရာ ခန့်အပ်တာဝန်ပေးနိုင်ရန် ယနေ့ (စက်တင်ဘာ ၂၆ ရက်) တွင် တိုင်းဒေသကြီးလွှတ်တော်၌ အမည်စာရင်း တင်သွင်းခဲ့ကြောင်း သိရသည်။

ယခင် ဥပဒေချုပ် ဦးဟန်ထူး၏ နေရာတွင် ခန့်အပ်နိုင်ရန် ယနေ့ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော်၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးမှာ အောင်ရဲထွေးအမှုတွင် တံစိုးလက်ဆောင် ရယူပြီး ရုတ်သိမ်းခွင့် ချမှတ်ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စက်တင်ဘာ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် စတင်တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။ အောင်ရဲထွေးအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးက ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ် တစ်လုံး၊ အကျီၤတစ်ထည် ရယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပြီး ခရိုင်ဥပဒေအရာရှိ၊ ဒုခရိုင်ဥပဒေအရာရှိ၊ ဒုခရိုင်တရားသူကြီး၊ တိုင်းဥပဒေအရာရှိ၊ ရဲအုပ် တစ်ဦးတို့နှင့်အတူ ဖမ်းဆီးအမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရသူမှာ ဒေါ်ခင်မျိုးကြည်ဖြစ်ပြီး ကိုယ်ရေးအချက်အလက်များအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံ ပေးပို့ထားပြီး ကန့်ကွက်လိုက အချက်အလက်ဖြင့် ထောက်ပြကန့်ကွက်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။ တိုင်းဥပဒေချုပ် ရာထူးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့အင်္ဂါစဉ်အရ နံပါတ် ၁၁ နေရာတွင် ရှိသည်။