မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်စာလုပ်အားခငွေများစုပေါင်း၍ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လှူဒါန်း

မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်စာလုပ်အားခငွေများစုပေါင်း၍ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လှူဒါန်း
Published 1 September 2017

သြဂုတ် ၃၁ ရက်က ကျင်းပခဲ့သည့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယအကြိမ် အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်စာလုပ်အား ခငွေများကို စုပေါင်း၍ ဘင်္ဂါလီအကြမ်းဖက်သမားများကြောင့် ဒုက္ခရောက်နေရသည့် ရခိုင်ပြည်နယ်မှ စစ်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယအကြိမ် အထူးအစည်းအဝေးကို သြဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ကျင်းပခဲ့ကြောင်း တိုင်းလွှတ်တော်တွင် တပ်မတော်သားနှင့် အရပ်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၈ ဦးရှိသည့်အနက် သြဂုတ် ၃၁ ရက် က အစည်းအဝေးတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့စာလုပ် အားခငွေ ကျပ် ၉၅၀၀၀၀ အားရခိုင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များအတွက် လှူဒါန်းရန်စီစဉ်ခဲ့ကြောင်း၊ ယင်းအစီအစဉ်ကို လွှတ်တော်အစည်းအဝေးအပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာက ဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြောင်း သိရသည်။

“ရခိုင်ဆိုတာလည်း မြန်မာနိုင်ငံ တိုင်းရင်းသားထဲမှာပါတဲ့ လူမျိုးစုတစ်စု ဖြစ်တယ်။ အခုလူမျိုးရေး ပဋိပက္ခတွေလည်း ဖြစ်နေတယ်ဆိုတော့ လွှတ်တော်ကနေ လွှတ်တော်ကိုယ်စားလှယ်တွေစုပြီး တစ်နေ့စာလုပ်အားခကို လှူတာပါ။ ဒါဟာ တကယ်ကောင်းမွန်တဲ့ အလုပ်ပါ။ ကျွန်မတို့ ပခုက္ကူမှာလည်း ရခိုင်မှာ သွားရောက်လှူဒါန်းဖို့ စုပေါင်းလုပ်ဆောင်နေကြတာတွေလည်း ရှိပါတယ်” ဟု ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ် စားလှယ်ဒေါ်ဇင်နီနီဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက “မနေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တိုင်းအတွင်းမှာရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းတဲ့ပွဲလေးမှာ ဒီလိုလှူဖို့ စိတ်ကူးရခဲ့တာပါ။ စိတ်ကူးရခဲ့ဆိုပေမယ့် လွန်ခဲ့တဲ့ ပုဂံငလျင်မှာတုန်းကလည်း လွှတ်တော်ကနေ သွားရောက်လှူဒါန်းခဲ့တာ ရှိပါတယ်။ ခုဆိုလည်းပဲ ရခိုင်ဘက်မှာ ဘင်္ဂါလီအကြမ်းဖက်ဖြစ်ပွားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေ၊ အသက်အိုးအိမ် စွန့်လွှတ်ရတဲ့ ပြည်သူတွေ၊ နောက်အသက်စွန့်ပြီးတော့ တိုင်းပြည်အတွက် အလုပ်အကျွေးပြုသွားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အားလုံးအတွက် ထောက်ပံ့သောအားဖြင့် တစ်နေ့စာနေ့တွက် စရိတ်ကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်”  ဟု ပြောကြားသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ လှူဒါန်းငွေများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ချိတ်ဆက်၍ ဘဏ်မှလွှဲပို့သည့်နည်းဖြင့် ဖြစ်စေ၊ လူကိုယ်တိုင် သွားရောက်ပို့ဆောင်၍ ဖြစ်စေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent