NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရာတွင် ရန်ပုံငွေမထည့်ချင်၍ နုတ်ထွက်ခြင်းဖြစ်ဟု ပြောဆိုမှုအပေါ် နားမလည်ဖြစ်ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရာတွင် ရန်ပုံငွေမထည့်ချင်၍ နုတ်ထွက်ခြင်းဖြစ်ဟု ပြောဆိုမှုအပေါ် နားမလည်ဖြစ်ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 26 September 2018

NLD ပါတီ ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရာတွင် ရန်ပုံငွေမထည့်ချင်၍ နုတ်ထွက်ခြင်းဖြစ်ဟု ပြောဆိုမှုအပေါ် နားမလည်ဖြစ်ရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းအောင်က Daily Eleven သတင်းစာသို့ စက်တင်ဘာ ၂၅ ရက် က ပြောကြားသည်။

“ကျွန်တော်နုတ်ထွက်တာကို သူတို့ အတည်ပြုပြောတယ်ပဲပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ပါတီကြီးတစ်ရပ်ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူပြောတာဆိုတော့ ပါတီက ပြောတယ်လို့ မှတ်ယူရမှာပေါ့။ အဲဒီတော့ သူက ပြောတာက ထင်မြင်ချက်နဲ့ သဘောထား မဟုတ်တော့ဘူး။ ဒါကြောင့်ထင်တယ်လို့ သူက တပ်အပ်ပြောလိုက်တာဆိုတော့ ဘာဖြစ်လို့ အဲဒီလိုတပ်အပ်ပြောလဲတော့ မသိဘူးပေါ့။ ရေးတဲ့စာမှာလည်း နုတ်ထွက် တယ်လို့တောင် ကျွန်တော်မရေးပါဘူး။ ယဉ်ယဉ်ကျေးကျေးလေးပဲရေးပြီး ပို့ခဲ့တာပါ။ ပါတီဝင်အဖြစ် မခံယူတော့ပါကြောင်းဆိုပြီး ရေးပို့ခဲ့တာပါ။ ကျွန်တော်ရေးတဲ့စာမှာ ရန်ပုံငွေ ထည့်ရတာကို မထည့်ချင်လို့ဆိုတာမပါဘူး။ နောက်ပြီးတော့ တင်းကျပ်တဲ့ စည်းကမ်းတွေကို မလိုက်နာချင်လို့ထွက်ပါတယ်ဆိုတဲ့ အရေးအသား၊ အပြောအဆိုမရှိပါဘူး။ ဒီလိုမျိုးပြောဆိုချက်ကိုတော့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ လွှတ်တော်မှာ ဥပဒေပြုတဲ့အလုပ်ကို နိုင်ငံနဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် ဒီထက်ပိုပြီးအကျိုးရှိအောင် ကျွန်တော့် ဉာဏ်စွမ်းလေးနဲ့ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ စဉ်းစားတွေးခေါ်ပြီးတော့  အခုလို နုတ်ထွက်ဖြစ်တာပါ” ဟု ဦးတင်ထွန်းအောင်က ဆိုသည်။

NLD ပါတီဝင်အဖြစ် နုတ်ထွက်ခွင့်တင်ထားသည့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၉)မှ ဦးဖေချစ်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၅)မှ ဦးတင်ထွန်းအောင် နှစ်ဦးကို  စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့်  NLD ပါတီ  CEC အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

“ပြစ်ချက်ရှိလို့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ကိုက ပါတီစည်းကမ်းတွေက တင်းကျပ်လွန်းတယ်ဆိုတဲ့ အချက်နဲ့ပါ။ ကျွန်တော်တို့ ပါတီကို ပြန်ပြီးတော့ အလှူငွေထည့်ဝင်ရတယ်။ ဒါတွေအတွက် သူတို့လွတ်လွတ်လပ်လပ် လုပ်ချင်တယ်ဆိုပြီး သူတို့က နုတ်ထွက်ခွင့်တောင်းတာပါ။ အဲဒါကို ကျွန်တော်တို့ ဒီနေ့ အစည်းအဝေးက အတည်ပြုလိုက်တာ” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစည်းအဝေးပွဲအပြီး ဒေါက်တာမျိုးညွန့်က မီဒီယာများအား အထက်ပါအတိုင်း ဖြေကြားခဲ့သည့်အပေါ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းအောင်က နားမလည်ဖြစ်ရကြောင်း ပြန်လည် ပြောကြားခြင်း ဖြစ်သည်။

ထို့ပြင် နုတ်ထွက်စာတင်ခဲ့သည့် ကိုယ်စားလှယ်များနှင့်ပတ်သက်၍ ဒေါက်တာမျိုးညွန့် က ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ နုတ်ထွက်သော်လည်း ထိခိုက်မှုလုံးဝမရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ရာခိုင်နှုန်းအများအပြား အနိုင်ထားသည့်အတွက် အပြောင်းအလဲ မဖြစ်နိုင် ကြောင်း၊ ပါတီစည်းကမ်းကိုလည်း လျော့ပေါ့ပေးရန် မရှိကြောင်း မီဒီယာများအား ပြောကြားသည်။

နောက်ပိုင်းတွင် အာဏာရ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော်လည်း ပြည်သူလူထု လိုအပ်ချက်များကို ဆောင်ရွက်ရာ၌ အခက်အခဲရှိမည် မဟုတ်ကြောင်း ဦးတင်ထွန်းအောင်က ဆိုသည်။

“ကျွန်တော့်အတွက်တော့ ကိုယ်ဆောင်ရွက်နိုင်တာကို ဆောင်ရွက်နေတာက အခုလည်း ဒီပါတီထဲက မဟုတ်တော့ပေမယ့် ကျွန်တော်ကတော့ အခက်အခဲရှိနိုင်မယ်လို့ မထင်ပါဘူး။ အုပ်ချုပ်ရေးက NLD ကဆိုတာက တိုင်းဒေသကြီးအစိုးရဘက်နဲ့ ထိတွေ့မှု သိပ်မရှိပါဘူး။ ကိုယ့်မဲဆန္ဒနယ်ဖြစ်တဲ့ ခရိုင်တို့၊မြို့နယ်တို့မှာလည်း NLD ပါတီက ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ကတော့ အခုပုံစံအတိုင်းပါပဲ။ ပါတီကိုယ်စား လှယ်မဟုတ်တော့ဘူးဆိုပြီးတော့ လွတ်လွတ် လပ်လပ်သွားမယ်ဆိုရင် ကျွန်တော့်အနေနဲ့ တော့ အုပ်ချုပ်ရေးပိုင်းက သူတွေကလည်း ဒီအတိုင်းပဲဆိုတော့ သိပ်အခက်အခဲတော့ မရှိနိုင်ပါဘူး” ဟု ဦးတင်ထွန်းအောင်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ပြည်သူလူထုမဲ ဆန္ဒနယ်မှာလိုပဲ လွှတ်တော်ထဲမှာတော့ ကျွန်တော်လည်း ဥပဒေပြုတဲ့အလုပ်ကို တကယ်ပဲ နိုင်ငံသားတွေအားလုံးအတွက် အကျိုးပြုမယ့်၊ အကာအကွယ်ပေးမယ့်၊ ကာကွယ်စောင့် ရှောက်နိုင်တဲ့ ဥပဒေမျိုးဖြစ်ဖို့ကိုတော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ လုပ်နေမှာပဲ။ အဲ့လိုလုပ်နေလို့မို့ အများစုက မလိုလားလို့ ကန့်ကွက်လို့ဆိုတဲ့ ကိစ္စမျိုးတွေနဲ့ အောင်မြင်ခြင်းမအောင်မြင်ခြင်း ကိုတော့ မစဉ်းစားပါဘူး။ သို့သော်လည်း ဥပဒေတစ်ခုပြုစုတဲ့နေရာမှာ အများပြည်သူအကျိုးအတွက်၊ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နိုင်မယ့် ဥပဒေမျိုးတွေ ဟုတ်နေပါလျက်နဲ့ အများစုကနေ ကန့်ကွက်တယ်ဆိုရင် အဲ့ဒီလိုကန့်ကွက်တဲ့ အများစုကို ပြည်သူလူထုက မှတ်ထားမှာပါပဲ။ ပြည်သူကို ဘယ်တော့မှ လျှော့တွက်လို့မရပါဘူး။ ပြည်သူလူထု သိပါတယ်။ဥပဒေသမားတွေသိပါတယ်။ တကယ်စဉ်းစား တွေးခေါ်ပြီးသွားမယ့်သူတွေဆိုရင်လည်း သိပါတယ် ” ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် လတ်တလော နုတ်ထွက်ခွင့်ပြုခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပါတီဝင်နှစ်ဦးအပါအဝင် NLD ပါတီမှ  စုစုပေါင်း နုတ်ထွက်သူ လေးဦး ရှိပြီဖြစ်သည်။

Most Read

Most Recent